လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်လေးဦးကို ဓားရှည် ကိုင်ဆောင်ထားသူများ ၀င်ခုတ်

0
1002

မြိတ်မြို့၊ ကန်ကြီးနယ်မြေ သာကေတ ရပ်ကွက် သဲကွင်း၂ လမ်းရှိ လက်ဖက်ရည် ဆိုင်အတွင်း တစ်ဝိုင်းတည်းထိုင်နေကြသည့် လူငယ် လေးဦးကို ဓားရှည်များ ကိုင်ဆောင်ထားသည့် လူငယ်အုပ်စုက ၀င်ခုတ်ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ဇွန်လ ၄ ရက်က လက်ဖက်ရည်ဆိုင် အတွင်း ထိုင်နေသည့် အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိအရွယ်ရှိ လူငယ်လေးဦးအား အသက် ၁၄ နှစ်မှ ၂၁ နှစ်အထိ အရွယ်ရှိ လူငယ်အုပ်စုက ဓားဖြင့်ဝင်ခုတ်ခဲ့ခြင်းဖြစ် ကြောင်း အထက်ပါရဲစခန်းထံမှ သိရ သည်။

ဓားခုတ်ခံရသည့် လူငယ်လေးဦးစလုံးတွင် ဓားဒဏ်ရာများ ရရှိခဲ့သည့်အတွက် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး ၎င်းတို့အနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ဓားရှည်ဖြင့် ၀င်ခုတ်သည့် လူငယ်အုပ်စု အနက် ၆ ဦးကို ဇွန်လ ၆ ရက်တွင် ဖမ်းမိခဲ့ပြီး နောက်တစ်ဦးကိုမူ ဇွန်လ ၇ ရက်တွင် ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

သို့သော် နှစ်ဦးမှာ လွတ်မြောက် နေသည့်အတွက် အမြန်ဆုံးဖမ်းမိရေး အတွက် ဆောင်ရွက်နေကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။

“အခင်းမဖြစ်ခင် တစ်ရက်အလိုက အိမ်မှာ ဓားနဲ့လာရမ်းလို့တဲ့”ဟု မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ချိုလွင်က ပြောသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက် အရ ဆိုင်အတွင်းထိုင်နေသူများသည် ၎င်းင်းတို့အုပ်စုမှ လူငယ်တစ်ဦး၏ နေအိမ်သို့ ဓားကိုင်ပြီး လာရမ်းကားခဲ့သဖြင့် လက်ဖက်ရည်ဆိုင်တွင် ဓားရှည်များဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးချိုလွင်က ဆိုသည်။

လက်ဖက်ရည်ဆိုင်အတွင်းဓားခုတ် ခံရသူများကမူ ဓားကိုင်ရမ်းကားသည်ဆိုသည့် ကိစ္စကို မသိဟု ထွက်ဆိုကြောင်း စခန်းမှူးက ဆိုသည်။

ဖမ်းဆီးရမိထားသူများအား မြို့မ ရဲစခန်းတွင် (ပ)၁၆၇၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၄/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထား ကြောင်း ယင်းရဲစခန်းမှ သိရသည်။

Dawei Watch