အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းအတွက် သင်တန်းသား နှစ်ဆယ်ခန့် ခေါ်မည်

0
560

ထားဝယ်မြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်မည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်း အတွက် သင်တန်းသား နှစ်ဆယ်ခန့် ခေါ်ယူရန်လျာထားကြောင်း ယင်းကျောင်း ထံမှ သိရသည်။

သင်တန်းကို လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများကို ဇွန်လ ဒုတိယအပတ်တွင် ခေါ်ယူမည်ဖြစ် ကြောင်း အစိုးရနည်းပညာအထက်တန်း ကျောင်း(ထားဝယ်) ကျောင်းအုပ်ကြီး ဦးဟိဏ်းထက်အောင်က ပြောသည်။

အဆိုပါသင်တန်းကို ဒေသခံအချို့၏ တောင်းဆိုချက်အရ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးအောင် တက်နိုင်သူ၊ ဝေးလံခေါင်ဖျားသည့် ကျေးလက် ဒေသများမှ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသူများကို ဦးစားပေးရွေးချယ် ခေါ်ယူမည်ဖြစ်ကြောင်း ဦးဟိဏ်းထက်အောင်က ဆိုသည်။

“သူတို့ရဲ့အသက်မွေးဝမ်းကျောင်းလေးတွေကို အထောက်အပံ့ ဖြစ်အောင် လို့ပေါ့လေ။ ဒါလေးတွေ ဖွင့်ပေးတာ”ဟု ဦးဟိဏ်းထက်အောင်က ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်း မပြီးသူများ မိသားစု စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရှိ စေရန် ရည်ရွယ်ချက်ဖြင့် အစိုးရနည်း    ပညာအထက်တန်းကျောင်း(ထားဝယ်) တွင် စက်ချုပ်ပညာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိ ကြောင်း ၎င်းက ပြောသည်။

သက်မွေးသင်တန်းများကို ဒေသခံများနှင့် မသန်စွမ်းများက တောင်းဆိုလာပါက သင်တန်းသားဦးရေအပေါ်မူတည်ပြီး ဖွင့်လှစ်ရန် လျာထားသည့်အပြင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းကို ဖွင့်ပေးရန် တောင်းဆိုလာပါက ကျေးရွာများအတွက် ကွင်းဆင်းသင်ကြား ပေးမည်ဖြစ်ကြောင်း ယင်းကျောင်းထံမှ သိရသည်။

မိုးမြင့်