တနင်္သာရီအမျိုးသမီး ဘော်လီဘောအသင်း မန္တလေးနှင့်အတူ ပူးတွဲတတိယရ

0
528

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် တနင်္သာရီတိုင်း အမျိုးသမီး အသင်းသည် မန္တလေးတိုင်းနှင့်အတူ ပူးတွဲတတိယ ရရှိခဲ့ကြောင်း ယင်းအသင်း နှင့်အတူ လိုက်ပါခဲ့သည့် တိုင်းအားကစား နှင့်ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တနင်္သာရီ အသင်းက ရှမ်းပြည်နယ်ကိုလည်းကောင်း၊ မန္တလေးတိုင်းအသင်းက ရန်ကုန်တိုင်းအသင်း ကိုလည်းကောင်း ရှုံးနိမ့်ခဲ့သဖြင့် ယင်းကဲ့သို့ မန္တလးအသင်းနှင့်အတူ ပူးတွဲတတိယ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

တနင်္သာရီအသင်းသည် အုပ်စုအတွင်း သုံးပွဲကစား  နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စုဒုတိယရရှိပြီး ကွာတားဖိုင်နယ်တွင် ကရင်ပြည်နယ်အသင်းကို သုံးပွဲအပြတ် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

အမျိုးသားအသင်းမှာ အုပ်စုအဆင့်ကိုပင် မကျော်နိုင်ခဲ့ကြောင်း ၎င်းက ဆို သည်။

ယင်းပြိုင်ပွဲကို တောင်ကြီးမြို့တွင် မေလ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး