ကျေးဇူးတော်နှင့် နှမ်းကျဲရွာအနီး တောမီးလောင်သည့်ကိစ္စ ကုမ္ပဏီကို အမှုဖွင့်မည်ဟုဆို၊ ကုမ္ပဏီက ၎င်းတို့ ရှို့ ခြင်းမဟုတ်ဟု တုံ့ပြန်

0
557

ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ရွာနှင့် နှမ်းကျဲကျေးရွာအနီးရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွင် တောမီးလောင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီအား အမှုဖွင့်ရန် စီစဉ်နေကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။

မီးလောင်ခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းနေရာသည် ကျေးဇူးတော်၊ နှမ်းကျဲ ကျေးရွာသားများနှင့် ရွှေပဒုမ္မာတော်ဝင် ကုမ္ပဏီတို့ မြေယာလုပ်ပိုင်ခွင့်အပြိုင်လျှောက် ထားနေသည့်နေရာဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ယင်းသို့ ဒေသခံနှင့် ကုမ္ပဏီတို့ အပြိုင်လျှောက်ထားနေသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်တွင် ရွှေပဒုမ္မာတော်ဝင် ကုမ္ပဏီ က ဖေဖော်ဝါရီလ နောက်ပိုင်းမှစပြီး တောခုတ်ခြင်း၊ အဆောက်အအုံဆောက်ခြင်း၊ မီးရှို့ခြင်းတို့ လုပ်ဆောင်လာသည်ဟု ဒေသခံအချို့က ပြောသည်။

ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီက မီးရှို့ ခြင်းကြောင့် ဧပြီလ ၁၃ ရက်မှ ဧပြီလ နောက်ဆုံးပတ်အထိ တောမီးလောင်ကျွမ်း ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

အစိုးရမှ တရားဝင် လုပ်ကိုင်ခွင့်မပြု သေးသည့် မြေပေါ်တွင် ရွှေပဒုမ္မာတော်ဝင် ကုမ္ပဏီက တောခုတ်၊ အဆောက်အအုံဆောက်၊ မီးရှို့ခြင်းအပေါ် ဒေသခံအချို့က ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ မတ်လတွင် တစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ် မြို့နယ် မြေစာရင်းထံ တိုင်ကြားခဲ့ကြောင်း နှမ်းကျဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

ယင်းတိုင်ကြားမှုများကြောင့် ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီကို ကလိန်အောင် နယ်မြေရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရေဖြူမြို့နယ် လယ်ယာမြေ နှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောသည်။

“အချက်အလက်တွေက စုံသလောက် ဖြစ်နေပြီဆိုတော့ အခုတစ်ပတ်ထဲမှာ (အမှု)ဖွင့်တော့မှာပါ။ တနင်္လာနေ့လောက် ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်မည် ဆိုသည်ကိုမူ ကလိန်အောင်နယ်မြေ ရဲစခန်းတွင် အကြံပြုချက်ယူရဦးမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

ရွှေပဒုမ္မာတော်ဝင် ကုမ္ပဏီဘက်ကမူ တောမီးလောင်သည့်ကိစ္စသည် ၎င်းတို့ ရှို့သည့်မီးမဟုတ်ဟု တုံ့ပြန်ခဲ့ပြီး အမှုဖွင့် မည့်အပေါ်တွင်လည်း ၎င်းတို့လုပ်ဆောင် ခြင်းမဟုတ်ကြောင်းကို ဥပဒေနှင့်အညီ သက်သေပြသွားမည်ဟု ပြောဆိုသည်။

ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားသည်ဆိုသည့်မြေပေါ်တွင် ကျေးဇူးတော်ရွာသားအချို့က ၀င်ရောက် ကျူးကျော်စိုက်ပျိုးခဲ့သည့်အတွက်  ဧပြီလ ၁၂ ရက်တွင် ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကိုတိုင် ကြားခဲ့ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုင်ကြားပြီး နောက်တစ်နေ့ ဧပြီလ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုမီးလောင်မှုကို အမည်မသိ လူအချို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမှုဖွင့်မယ်ဆိုတဲ့ကိစ်္စမှာ မီးလောင်မှုကတော့ ကျွန်တော်တို့ ကုမ္ပဏီကလုပ် ခြင်းမဟုတ်ဘူး။ ကျွန်တော်တို့က အရှို့ခံရခြင်းသာ ဖြစ်တယ်။ ပြောင်းပြန်တွေဖြစ် နေတာ အခုက။ (အစိုးရ) ဌာနတွေအနေနဲ့ ဥပဒေအတိုင်းလုပ်တဲ့သူတွေကို အကာအကွယ်ပေးသင့်တယ်”ဟု ၎င်းက ဆိုသည်။

တောမီးကြောင့် မြေလွတ်မြေလပ် မြေရိုင်းနှင့် ဒေသခံအချို့၏ ဥယျာဉ်ခြံများ စုစုပေါင်း ဧက ၂၀၀၀ ကျော် မီးလောင်ခဲ့ကြောင်း ကျေးဇူးတော်ကျေးရွာနှင့် နှမ်းကျဲ ကျေးရွာသားများက ခန့်မှန်းသည်။

ကျော်သူစိုး