သမီးလေး ကျောင်းစတက်ပြီ

0
840
ဓာတ်ပုံ - ဝေယံစိုး

ဇွန်(၃)ရက်၊ တနင်္လာနေ့။ စာသင်နှစ် တစ်နှစ်၏ ကျောင်းစတင်ဖွင့်လှစ်သည့် ရက် ကျွန်တော့် သမီးလေးအသက် ၅ နှစ် ပြည့်ပြီဖြစ်၍ KG စတက်ရတော့မည် ဖြစ်သည်။ အဖြူအစိမ်းလေးဝတ်ပြီး ကျောပိုးအိတ်လေးလွယ်ကာ ကျောင်းစတက်ရမည်ကို တွေးပြီး သမီးတစ်ယောက် စိတ်လှုပ်ရှားနေမလား မသိ။

အမှန်အတိုင်းပြောရလျှင် ကျွန်တော့် အနေဖြင့် သမီးကျောင်းစတက်မည့်ရက် အတွက် ရင်ခုန်နေမိသည်ကတော့ အမှန်။ နေရာသစ်တစ်ခုမှာ မိတ်ဆွေအသစ် တွေနဲ့ အဆင်မှပြေပါ့မလား တွေးရင်း စိတ်ပူနေမိသည်။ တစ်ခုခု အဆင်မပြေလို့ ကျောင်းတက်ရမှာကို စိတ်ပျက်သွားမှာ လည်း စိုးရိမ်နေမိသည်။ လူတိုင်းအတွက် ပထမခြေလှမ်းသည် အရေးကြီးလှသည် မဟုတ်ပါလား။

မူကြို စပို့သည့်ရက်ကလို ငိုယိုပြီး ကျန်ခဲ့မလား စိုးရိမ်နေမိသည်။ KG ဆရာမကရော မူကြိုက ဆရာမလေးတွေလို ပျူငှာဖော်ရွေမှုရှိပါ့မလား၊ သမီးအပေါ် ဂရုစိုက်ကြပါ့မလား ဆိုတာကိုလည်း စိုးရိမ်နေမိသည်။ ကံကောင်းသည်က ကျောင်းနဲ့အိမ် နီးနေသည့်အချက် ဖြစ်သည်။ သမီးတစ်ယောက် ကျောင်းစတက် သည့်နေ့မှာ အစစအရာရာ အဆင်ပြေပါစေဟုသာ ဆုတောင်းနေမိတော့သည်။

ကျောင်းစဖွင့်သည့်ရက်မှာ ကျွန်တော့်လိုပဲ မိဘတိုင်းအနေဖြင့် မိမိတို့ သားသမီး များအတွက် စိုးရိမ်နေကြမည်မှာ သေချာသည်။ သို့သော်လည်း ကလေးတိုင်းသည် သူ့အသက်အရွယ်နဲ့သူ၊ သူ့ပတ်ဝန်းကျင် မှာ အံဝင်ခွင်ကျတော့ ဖြစ်သွားမည်မှာ သေချာသည်။ မိဘဆိုသည်ကတော့ အသက်အရွယ်မရွေး မိမိသားသမီး အတွက်ဆို အမြဲတမ်း စိုးရိမ်နေတတ် ကြသည်က နိယာမတစ်ခုလို။ ဘယ်အသက် အရွယ်ရောက်ရောက် မိဘမျက်စိထဲမှာတော့ သားသမီးများသည် အမြဲတမ်း ငယ်ရွယ်လို့သာ နေတတ်သည် မဟုတ်ပါလား။

ကျွန်တော်ငယ်ငယ်က ကျောင်း စတက်သည့်နေ့မှာ ကျွန်တော့်မိဘများ အနေဖြင့် ကျွန်တော့်လိုပဲ စိုးရိမ်နေမလား တွေးနေမိသည်။ ကျွန်တော် ကျောင်း စတက်သည့်နေ့က အမေကျွန်တော့်ကို ကျောင်းလိုက်ပို့သေးသလားဆိုသည်ကိုလည်း မမှတ်မိတော့။ အသေအချာ မှတ်မိနေသည်ကတော့ အဖိုးရက် ပေးထား သည့် ၀ါးဖတ်ဖြင့်ပြုလုပ်ထားသည့် ခမောက် တစ်လုံး၊ အမေချုပ်ပေးထားသည့် လွယ် အိတ်တစ်လုံး၊ အထဲမှာ သင်ပုန်းကြီး ဖတ်စာနှင့် အင်္ဂလိပ်စာ စမငာမေပ တစ်အုပ်၊ သင်္ချာဖတ်စာအုပ် တစ်အုပ်တို့ ဖြစ်သည်။ ထို့အပြင် ကျောက်သင်ပုန်းနှင့် ကျောက်တံတို့ ဖြစ်သည်။ ဖိနပ်ကတော့ မပါဖို့ များသည်။

ကျောင်းက အိမ်နှင့်ဆိုလျှင်တော့ သိပ်မဝေးလှ။ သို့သော် ထိုအချိန်ကတော့ စိတ်ထဲမှာ တစ်မိုင်လောက် ဝေးနေသလို ခံစားရသည်။ လေးဘက်လေးတန်စလုံး အကာမရှိသည့် သွပ်မိုးထားသော သစ်သားတို့ဖြင့် အတိပြီးသည့် နှစ်ထပ်ကျောင်း ဆောင်လေးကပင်လျှင် ကျွန်တော့်ဘ၀၏ ပညာရေးခရီးလမ်းအစပြုရာ ဘူမိနက်သန် ဖြစ်တော့သည်။

ကျောင်းရှေ့တွင်တော့ လူဆယ် ယောက်ဖက်လောက်ရှိသည့် သစ်တိုပင် ကြီးတစ်ပင် ရှိသည်။ သူ့မြစ်ဆုံကြီးများ ကား ကျွန်တော်တို့အတွက် အပန်းဖြေ နားယူရာ ထိုင်ခုံများပေတည်း။ ဧက၀က် နီးပါးရှိသည့် ကျောင်းရှေ့မြေကွက်လပ် လေးသည်ကား ကျွန်တော်တို့အတွက် ခေတ်မီအားကစားကွင်းကြီး ဖြစ်တော့ သည်။ ကျောင်းနောက်ဘက် ရော်ဘာတော အစပ်တွင်တော့ ပက်လက်တွင်းပေါ်တွင် သစ်သားပြားကြီးများ ခင်းပေးထားကာ အပေါက်ဖောက်ပေးထားသည့် အိမ်သာကြီး နှစ်လုံးလောက် ရှိသည်။ အပေါ့သွား လိုလျှင်တော့ လမ်းဘေးနီးစပ်ရာ ချုံတောထဲတွင် သွားရသည်။

မိုးသည်းပြီး လေပြင်းတိုက်သည့် ရက်တိုင်းသည် ကျွန်တော်တို့အတွက် ကျောင်းပိတ်ရက် ဖြစ်သည်။  မိုးပက် သဖြင့် တစ်ကျောင်းလုံး ရေစိုသွားသော ကြောင့် ဖြစ်သည်။ မိုးသည်းလျှင် ကျွန်တော် တို့ လွှတ်ပျော်ကြသည်။

ကျောင်းဆင်းလျှင် မိုးရေများစီး ဆင်းနေသော လမ်းတစ်လျှောက် ရေဆော့ ရင်း အိမ်ကိုပြန်ရသည်မှာ ကျွန်တော်တို့ အတွက် ဘာနဲ့မျှမလဲနိုင်သည့် အရသာ တစ်မျိုး။ တစ်ခါတလေများဆိုလျှင် ရော်ဘာဖိနပ်များကို လမ်းဘေးရေမြောင်း အတိုင်း မျှောချရင်း အိမ်ကိုပြန်ကြသည်။ အိမ်ပြန်ရောက်လျှင်လည်း ကျွဲကောသီး အစိမ်းကို ဘောလုံးလုပ်ကန်ရသည်။ အစိုးရက ထုတ်ပေးသည့် ဘောလုံးအစစ် များကတော့ ကျောင်းအုပ်ဆရာကြီး၏ မြေးလေးနှင့် ရင်းနှီးသူများသာ ကန်ခွင့်ရကြသည်။ မိုးချုပ်ခါနီးပြီဆိုလျှင် ရေချိုး၊ ထမင်းစားပြီး အိမ်စာလုပ်စရာရှိသည်များ ကိုလုပ်ကာ အိပ်ရာဝင်လိုက်တော့သည်။ ဘာအပူ အပင်၊ ဘာဖိအားမျှမရှိ။ ကုန်ကုန် ပြောရလျှင် ကျူရှင်ဆိုသည်မှာ အထက် တန်းကျောင်းသားဘ၀ရောက်မှ စကြားဖူး ခြင်း ဖြစ်သည်။

အခု ကျွန်တော့် သမီးတက်ရမည့် ကျောင်းကြီးသည်ကား ထားဝယ်မြို့ပေါ်မှ အထင်ကရ ကျောင်းကြီးတစ်ကျောင်း ဖြစ်သည်။ အမိုးအကာများ လုံခြုံသလို ဆရာ၊ ဆရာမအင်အားကလည်း အပြည့်။ ပိုတောင်ပိုနေနိုင်သေးသည်။ ကလေးကစားကွင်းကို မြင်တိုင်း အမြဲဆော့ချင် နေခဲ့သည့် သမီးအနေဖြင့် အခုတော့ ကျောင်းဖွင့်ရက်ရောက်လျှင် ဆော့ခွင့်ရတော့မည်။ ထိုကစားကွင်းကသည်ပင်လျှင် ကျွန်တော့် သမီးလေးကို အ.ထ.က(၃)တွင် တက်ရောက် ဖို့ တစ်ခုတည်းသော ဆွဲဆောင်မှု ဖြစ် သည်။ တကယ်ကစားခွင့်ရပါစေလို့သာ ဆုတောင်းနေမိတော့သည်။

ကျွန်တော့်သမီးအတွက် ကျွန်တော် စိုးရိမ်နေမိသည့် အခြားအချက်တစ်ချက်က ကျူရှင်ဖြစ်သည်။

ကျွန်တော့်သမီးကို ကျူရှင်လွတ် စေချင်သည်။ သင်ယူနေရမှန်းမသိဘဲ သင်ယူရသည့် ပညာရေးမျိုးကိုသာ ကျွန်တော့် သမီးလေး ရစေချင်မိသည်။

စာတွေကို အလွန်အကျွံ သင်ပေးတိုင်းလည်း ကလေးက စာရချင်မှ ရနိုင်သည် မဟုတ်လား။

အနာဂတ်တွင် ကျွန်တော် မြင်ထားသည့် ကျွန်တော့်သမီးလေးမှာ စာပေပညာရှင်တစ်ယောက် ဖြစ်ချင်မှ ဖြစ်မည်။

ပန်းချီဆရာမတစ်ယောက်၊ အဆိုတော် တစ်ယောက် သို့တည်းမဟုတ် အခြား သော အသက်မွေးဝမ်းကျောင်းမှု တစ်ခုခု ဖြင့် ဘ၀ကိုရပ်တည်နေသူလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

မိမိကိုယ်ပိုင်အတွေးအခေါ်နှင့် မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်စွမ်း ရှိသည့် သူတစ်ဦးအဖြစ်ပဲ မြင်ချင်မိသည်။

ပြောင်းလဲလာသည့် ပညာရေးစနစ် နှင့်အညီ ဗလငါးတန်ဖွံ့ဖြိုးသော အနာဂတ် မျိုးဆက်သစ်လေးများကို မွေးထုတ်ပေး နိုင်ကြပါစေ။

ဇွန်(၃)ရက်နေ့မှာ အခြေခံပညာရေး ခရီးကို စတင်ခြေလှမ်းကြမည့် နိုင်ငံ တစ်ဝန်းလုံးမှ ရင်သွေးငယ်များ အားလုံး လည်း အစစအဆင်ပြေ ချောမွေ့ကြပါစေ။

ကျူရှင်ကြောင့် ခွဲခြားဆက်ဆံခြင်း ဘေးမှလည်း ကင်းဝေးနိုင်ကြပါစေ။

ကံကောင်းပါစေ သမီးလေး။

သန်းဇော်ဦး(ရလိုင်)