ထားဝယ်မြို့နယ် NLD မှ အခြေခံပညာကျောင်း တစ်ရာ့လေးဆယ် ကျော်တွင် ကျောင်းသုံးဗလာစာအုပ်များ မျှဝေမည်

0
457

ထားဝယ်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါတီမှ အခြေခံ ပညာကျောင်း ၁၄၁ကျောင်းရှိ မူလတန်း ကျောင်းသူ/သားများကို တစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် သုံးအုပ် နှုန်းဖြင့် ဒါဇင်လေးထောင်ခန့်ကို လာမည့် ကျောင်း ဖွင့်ချိန်တွင် ပြန်လည်မျှဝေသွားမည်ဖြစ်ကြောင်း NLD ပါတီ ထားဝယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။

မျှဝေခြင်း အစီအစဉ်ကို ၂၀၁၆ ခုနှစ် တွင် စတင်ခဲ့ပြီး ပထမအကြိမ်မျှဝေစဉ်ကြီူ ပါတီဗဟိုရုံး အထောက်အပံ့နှင့် ထားဝယ်မြို့နယ် ရပ်/ကျေးပါတီဝင် အဖွဲ့တို့ ပူးပေါင်းကာ ပိုနေသူများမှ လိုနေသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်း ၀တ်စုံ၊ ထီး စသည့်ကျောင်သုံးပစ်္စည်းများ ကို မျှဝေခဲ့ကြကြောင်း အထက်ပါအဖွဲ့မှ ဒေါ်ချိုချိုလွင်က ပြောသည်။

ပထမအကြိမ် မျှဝေစဉ်က ကျောင်းသုံး ပစ်္စည်းများ တန်းတူရရှိမှု မညီမျှသည့် အခက်အခဲများနှင့် ကျေးရွာအားလုံးကို မျှဝေ မပေးနိုင်သည့်အတွက် ကျောင်း အားလုံးကို အညီအမျှပေးနိုင်ရန် ဒုတိယ အကြိမ်မှ စတင်ကာ ဗလာစာအုပ်ကို ဦးစားပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ချိုချိုလွင်က ပြောသည်။

“အစတုန်းကတော့ ကြိုက်တာ လှူနိုင်ပါတယ်ဆိုပြီး ရပ်/ကျေးတွေကို နှိုးဆော်တယ်။ အခုနောက်ပိုင်းကျတော့ သူတို့အတွက် ပိုပြီးတော့ အသုံးဝင် အောင်ဆိုပြီး ဗလာစာအုပ်ကိုပဲ အဓိက ထားပြီးလှူလိုက်တော့တယ်” ဒေါ်ချိုချိုလွင် က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဗလာစာအုပ် ဒါဇင် ၃၅၀၀ ခန့်သာ မျှဝေနိုင်ခဲ့သော် လည်း ယခုစတုတ္ထအကြိမ်တွင် ဒါဇင် ၄၀၀၀ ခန့် မျှဝေနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လှူဒါန်းသူရှိပါက အခြားကျောင်း သုံးပစ္စည်းနှင့် အ၀တ်အထည်များကိုလည်း အလှူခံသည်ဟု ၎င်းကပြောသည်။

ဇွန်လ ပထမအပတ်တွင်  မေတ္တာမြို့ အတွင်း ကျေးရွာများရှိ ကျောင်းများကို ဦးစားပေးကာ မျှဝေသွားမည်ဖြစ်ပြီး နောက်အပတ်များတွင် ထားဝယ်မြို့နယ် အတွင်း မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမြင့်