ဘုတ်ပြင်းမြို့နယ်တွင် ဒီရေတော အပင်ခြောက်သောင်းကျော် စိုက်မည်

0
592

ဘုတ်ပြင်းမြို့နယ် ချောင်းကဖီး ဒီရေတော ကြိုးပြင်ကာကွယ်တောတွင် ဒီရေတောအပင် ခြောက်သောင်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

တစ်ဧကလျှင် ၁၂၁၀ ပင်နှုန်းဖြင့် ဧက ၅၀ တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေ အတက်အကျရှိသော ဒေသများတွင် ရေနေသတ္တ၀ါများ၏ ဂေဟစနစ်တည်မြဲစေရန်၊ ငါးပုစွန်များ နေထိုင်ကျက်စား ပေါက်ဖွားနိုင်ရန် များစွာ အထောက်အကူဖြစ်စေသည့်အပြင် မုန်တိုင်းနှင့် ဆူနာမီအစရှိသော သဘာဝ ဘေးအန္တရာယ်ကို  တားဆီးကာကွယ်နိုင်ရန် စိုက်ပျိုးခြင်းဖြစ်ကြောင်း တိုင်းသစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဒီရေတောများသည် ရေတိုက်စားခြင်းကြောင့် ချောင်းကမ်းပါး ပြိုခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။

“ဒီရေတော ပေါက်ရောက်မှု အားနည်း တဲ့နေရာတွေကို ရွေးချယ်ပြီး စိုက်ပျိုးပေး တာပေါ့၊ အဓိက ဦးစားပေးအနေနဲ့ ဘုတ် ပြင်းမှာပဲ စိုက်ပျိုးသွားမယ်၊ လာမယ့်နှစ် မှာလည်း ဘုတ်ပြင်းမှာပဲ ထပ်စိုက်သွား မယ်”ဟု ၎င်းက ဆိုသည်။

ဒီရေတောစိုက်ခင်းများကို ထုတ်ယူ သုံးစွဲရန်အတွက် စိုက်ပျိုးခြင်း မဟုတ်ဘဲ ကာကွယ်ထိန်းသိမ်းရန်အတွက် စိုက်ပျိုး ခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိ သူက ဆိုသည်။

ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်များတွင် ဒီရေတော စိုက်ပျိုးရန် နေရာများစွာမရှိခြင်းနှင့် ၂၀၁၃-၁၄ ခုနှစ်ခန့်က စိုက်ပျိုးခဲ့သည့် အပင်များမှာ အောင်မြင်မှုနည်းသဖြင့် ဘုတ်ပြင်းမြို့ နယ်ကို ဦးစားပေးစိုက်ပျိုးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသစ်တောများပြန်လည် တည်ထောင်ရေး ၁၀ နှစ်စီမံကိန်းအရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က မြိတ်မြို့နယ် တွင် ၁၅ ဧက၊ ကျွန်းစုမြို့နယ်တွင် ၁၅ ဧက၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀ ဧက စိုက်ပျိုးခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်