တနင်္သာရီတိုင်း၏ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ယခုနှစ်အတွင်း ကျင်းပမည်

0
480

တနင်္သာရီတိုင်းအတွင်း ပထမဆုံး အကြိမ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ယခုနှစ် အတွင်း ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဒေါ်ရီရီချိုက ပြောသည်။

တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်၍ ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး ကျင်းပမည့်မြို့နှင့် နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း ၀န်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းဒေသကြီး အတွက် အရေးပါသည့် သားငါးကဏ္ဍ၊ မွေးမြူရေး၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍများကို ဦးစားပေးဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ တိုင်းဒေသကြီးအတွက် တိုးတက်မယ့် အဲဒီလုပ်ငန်းတွေကိုတော့ ဦးစားပေးအနေနဲ့လည်းပဲ ဒီဖိုရမ်ကျရင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ရန်ကုန်တိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် ပြီးခဲ့သည့်နှစ် များက ကျင်းပခဲ့ပြီးဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

“မြန်မာပြည်မှာ ဘာတွေရင်းနှီး  မြှုပ်နှံလို့ရတယ်ဆိုတာ ပြည်တွင်းရင်းနှီး သူတွေတစ်ခါတည်း သိသွားမှာပေါ့”ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ဖိုရမ်ကို ယခုနှစ် စက်တင်ဘာလတွင် ကျင်းပရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလအထိ  တနင်္သာရီတိုင်း အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ထံမှ သိရသည်။

ကိုဇော်