လူထုတွေ့ဆုံပွဲ လူဦးရေ ကန့်သတ်ရသည့်အပေါ်ဝန်ကြီးချုပ်တောင်းပန်

0
456

လူထုတွေ့ဆုံပွဲတွင် တက်ရောက် မည့်လူဦးရေ ကန့်သတ်ရသည့်အပေါ် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်မောင်က တောင်းပန်လိုက်သည်။

ထားဝယ်မြို့ရှိ မြို့တော်ခန်းမတွင် မေလ ၁၅ ရက် မနက်ပိုင်းက ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က အထက်ပါ အတိုင်း တောင်းပန်လိုက်ခြင်း ဖြစ်သည်။

ယခုတွေ့ဆုံပွဲတွင် အရပ်ဘက်အဖွဲ့ အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဌာနဆိုင်ရာ အစရှိသူများကို ဦးစားပေး ဖိတ်ကြားခဲ့သည့်အတွက် ဖိတ်ရန် ကျန်ခဲ့ သူများအနေဖြင့် နားလည်ပေးစေလိုကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

တွေ့ဆုံပွဲကို ခန်းမအတွင်း ပြုလုပ် ရသည့်အတွက် ၀င်ဆံ့နိုင်သည့်အပေါ် လူဦးရေ ကန့်သတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုက ခန်းမထဲမှာ လုပ်ရတဲ့ အတွက်ကြောင့် လူဦးရေက ကန့်သတ်ချက် နဲ့ ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ တချို့တွေ တက်ရောက်ခွင့် မရတဲ့အပေါ်မှာလည်း ဒီနေရာကပဲ တောင်းပန်လိုပါတယ်”ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲ တွင် လူဦးရေကန့်သတ်မှုကို ၀န်ကြီးချုပ် တစ်ဦးအနေဖြင့် တောင်းပန်ခြင်းကို ကြိုဆိုသော်လည်း တွေ့ဆုံပွဲလုပ်မည့် အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး ရန်လိုအပ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် ဒေါင်းငူ/တံငါရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးစိုးထိုက်က ဆိုသည်။

တွေ့ဆုံပွဲသို့ မတက်ရောက်နိုင်သူများ အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲ များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ စာရေးပေးပို့နိုင်ကြောင်းကို ၀န်ကြီးချုပ်ဦးမြင့်မောင်က ဆိုသည်။

စာဖြင့်ပေးပို့လာသည့် အခက်အခဲ များအပေါ်တွင်လည်း ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

ယင်းအပြင် တိုင်းအစိုးရအဖွဲ့၏ လိုအပ်ချက်၊ အားနည်းချက်များရှိပါက ဝေဖန်ထောက်ပြရန် ၀န်ကြီးချုပ်က ပြောသည်။

ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဖြစ်ပြီးနောက် ပထမဆုံး အကြိမ်ပြုလုပ်သည့် တွေ့ဆုံပွဲဖြစ်ပြီး မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခု တွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

ကျန်သည့် မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်များတွင်လည်း တွေ့ဆုံပွဲများ ဆက် လက်လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။    

Dawei Watch