ပါချန်မြစ် တစ်လျှောက် ကမ်းပါးပြိုကျမှုကြောင့် ရွာမြေ ဆုံးရှုံးမည်ကို စိုးရိမ်

0
743
ဓာတ်ပုံ - ဖိုးချမ်း

ထိုင်း-မြန်မာနယ်ခြားမြစ်တစ်ခုဖြစ်သည့် ပါချန်မြစ်တစ်လျှောက်တွင် ကမ်းပါး ပြိုကျမှု တစ်နှစ်ထက် တစ်နှစ်များလာပြီး စိုက်ပျိုးမြေနှင့် ရွာမြေဆုံးရှုံးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထိုင်းနိုင်ငံဘက်ကမ်းတစ်လျှောက်ရှိ နေရာအချို့တွင် မြေထိန်းနံရံများ တည်ဆောက် ထားသည့်အတွက် တစ်ဖက်ကမ်းရှိ မြန်မာ နိုင်ငံဘက်တွင် ကမ်းပါးပြိုကျမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်ဟု ဒေသခံတို့က ဆိုသည်။

မြန်မာဘက်ကမ်းတွင် မြေထိန်းနံရံ များ လုပ်ဆောင်မှုအချို့ရှိသော်လည်း ယခုထက် ပိုမိုလုပ်ဆောင်စေလိုသည်ဟု ၎င်းတို့က ဆိုသည်။

“လိုအပ်တဲ့နေရာတိုင်းမှာ မြေထိန်းနံရံ လုပ်ပေးစေချင်ပါတယ်၊ နိုင်ငံပိုင်မြေတွေ မဆုံးရှုံးရအောင်ပါ”ဟု ပါချန်မြစ်ကမ်းရှိ လုံးဖောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖုန်းနိုင်စိုးက ပြောသည်။

ပါချန်မြစ်တစ်လျှောက်၌ လက်ရှိတွင် ထိုင်းဘက်ခြမ်းမှ မြေထိန်းနံရံ ၁၆ ခု၊ မြန်မာဘက်ခြမ်းတွင် မြေထိန်းနံရံ ၁၃ ခု တည်ဆောက်ထားကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးဦးနေဦးက ပြောသည်။

အကယ်၍ ထိုင်းဘက်မှသော်လည်းကောင်း၊ မြန်မာဘက်မှသော်လည်း ကောင်း မြေထိန်းနံရံပြုလုပ်မည်ဆိုပါက ထိုင်းနှင့် မြန်မာတို့ ပူးပေါင်းဖွဲ့စည်းထားသည့် မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)တွင် ညှိနှိုင်းတင်ပြရန် စည်းကမ်း သတ်မှတ်ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

Dawei Watch