ပြင်းဖြူသားကျေးရွာတွင် မြေယာအငြင်းပွားမှုဖြစ်

0
471

သရက်ချောင်းမြို့နယ် ပြင်းဖြူသားကျေးရွာရှိ စက်မှုဝန်ကြီးဌာန၊ အမှတ် ၂ အကြီးစားစက်မှုလက်မှုလုပ်ငန်းမှ ပြန်လည် စွန့်လွှတ်ထားသည့် မြေဧရိယာ ၈၃ ဧကခွဲတွင် ဒေသခံရွာသားများနှင့် ခြံစိုက်သူများကြား  မေလ ၁၀ ရက်က မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၎င်းမြေနေရာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက်၂၀၁၃ ခုနှစ်ဝန်းကျင်က တစ်ဦးလျှင်  ၂ ဧကနှုန်းဖြင့် တိုင်းအစိုးရနှင့် သရက်ချောင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သို့ မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် လျှောက်ထားကြောင်း လက်ရှိ ခြံစိုက်ထားသူ ဦးတင်ဇော်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်တွင် အဆိုပါမြေနေရာအား ကွက်သစ်ရိုက်ကာ ရွာရှိဆင်းရဲသားများကို ပေးရန်အတွက် အများသဘောတူထားသည်ဟုဆိုကာ လက်ရှိ စိုက်ပျိုးထားသည့်ခြံများကို စက် ယန္တရားများဖြင့် ၀င်ရောက်ရှင်းလင်းခဲ့ရာ စိုက်ပျိုးမြေ ၅ ဧကခန့် ပျက်စီးဆုံးရှုံး သည့်ခဲ့ပြီး ခြံစိုက်သူများနှင့် ရွာသားများ အကြား မပြေလည်မှုများဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုကတော့ ဌာနက တားစာ ရောက်လာပြီ။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဆန်္ဒလေးကတော့ ၂၀၁၂-၂၀၁၃ ကတည်းက စိုက်ထားတဲ့ ဟာလေးကို စွန့်လွှတ်မြေဖြစ်သွားပြီဆိုရင်လည်း လက်ရှိစိုက်ထား တဲ့လူတွေကို ပိုင်ဆိုင်မှု ပုံစံ ၁ ဖြစ်ဖြစ် မြေယာ လုပ်ကိုင်ခွင့် တစ်ခုခု စိစစ်ပြီးတော့ အဲ့ဒါလေးတစ်ခုတော့ လုပ်ပေးစေ ချင်တယ်”ဟု ဦးတင်ဇော်ဦးက ဆိုသည်။

ယင်းမြေနေရာတွင် ရော်ဘာ၊ ကွမ်းသီး၊ သီဟို၊ ငှက်ပျောပင်နှင့် ရာသီပေါ်သီးနှံ များကို စိုက်ပျိုးထားပြီး ထားဝယ်ဒေသခံ အချို့ နှင့် အထက်မြန်မာပြည်ဒေသများမှ လာရောက်နေထိုင်ကာ လုပ်ကိုင်စား သောက်နေကြကြောင်း ၎င်းင်းက ပြောသည်။

အဆိုပါမြေနေရာတွင် လုပ်ကိုင်နေ သူများမှာ ပြင်းဖြူသားရွာသားများ မပါ ၀င်ဘဲ ပြင်းဖြူသားကျေးရွာကွက်သစ်တွင် လာရောက်နေထိုင်သည့် သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စသဖြင့် အခြားဒေသမှ လာရောက်နေသူ များသာဖြစ်ကြောင်း ပြင်းဖြူသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းက ပြောသည်။

လွန်ခဲ့သည့် တစ်လခန့်က အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ၎င်းမြေနေရာတွင် တောမီးလောင်ခဲ့သည့်အတွက် ပြင်းဖြူသား ရွာသားများက တောင်ယာလုပ်ကိုင်ရန် ရှင်းလင်းခဲ့ရာ အထက်ပါ ၀င်ရောက်စိုက် ပျိုးထားသူများက တားဆီးခဲ့သဖြင့် မခံချင်စိတ်ဖြင့် ပြင်းဖြူသားရွာသားများအား အကွက်ရိုက်၍မြေကွက်များပေးရန်ဟုဆို ကာ စက်ယန္တရားများဖြင့် ခြံရှင်းခဲ့ရာမှ တစ်ဘက်နှင့် တစ်ဘက် အချေအတင်စကားများခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဝမ်းက ပြောသည်။

“ရွာသူရွာသားတွေကို အဲဒီနေရာကို လုံးဝ မလုပ်ဖို့ လာပြောတယ်ပေါ့နော်၊ တစ်ယောက်ကို တစ်ယောက် အတိုက်အခံ ပြောကြမှာပေါ့၊ အဲဒီကနေ ရွာသားတွေက မခံမရပ်နိုင်ဖြစ်လာတော့ သူတို့ ယန္တရားနဲ့ လုပ်တဲ့ အဆင့်ထိဖြစ်လာတာ” ဟု ဦးဇော်ဝမ်းက ဆိုသည်။

တစ်ဘက်နှင့် တစ်ဘက် စကားများရန် ဖြစ်ခဲ့သော်လည်း ခိုက်ရန်ဒေါသနှင့် ရိုက်ကြပြောကြဆိုကြသည့် အဆင့်ထိ မရောက်ခဲ့ကြောင်း ယင်းပြဿနာနှင့် ပက်သက်၍ သက်ဆိုင်ရာဌာနမှလည်း တားမြစ်စာထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဝမ်းက ပြောသည်။

အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေပေါ်တွင် ၀င်ရောက်ကျူးကျော်လုပ်ကိုင်လျက် ရှိသော နှစ်ဖက်လုံးရှိတောင်သူများကို ဆက်လက် မလုပ်ကိုင်ရန် ပထမအကြိမ် စာဖြင့် သတိပေးထားပြီး  တတိယအကြိမ် အထိ မလိုက်နာပါက  မြေယာဥပဒေအရ တရားစွဲ ဆိုရမည်ဟု သရက်ချောင်းမြို့နယ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကိုကိုက ပြောသည်။

“အစိုးရအဖွဲ့ကို လိပ်မူပြီးတော့ စာတင် ထားတာလောက်ပဲ၊ သူတို့လျှောက်ထား တာ တရားဝင်လုပ်ကိုင်ခွင့်ရထားတာ မဟုတ်ဘူးလေ။ သူတို့တကယ်လျှောက် တယ်ဆို တရားဝင်ကျလာအောင် ခွင့်ပြုချက် ကျလာအောင်လုပ်ရမယ်၊ နှစ်ဦးနှစ်ဘက်လုံး က ခွင့်ပြုချက်မရှိဘူး”ဟု အထက်ပါဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကိုကိုက ပြောသည်။

မြေယာလုပ်ကိုင်ခွင့်ရရန် လျောက်ထားလိုပါက ၂၀၁၈ မြေယာဥပဒေနှင့်အညီ ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက် ကျပါက တရားဝင်လုပ်ကိုင် ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ကျုးကျော် လုပ်ကိုင်ပါက ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 မိုးမြင့်