ကမ္ဘာ့စက်ဘီးနေ့အထိမ်းအမှတ် မြို့နယ်ငါးခုတွင် စက်ဘီးစီးပွဲ ကျင်းပမည်

0
459

ကမ္ဘာ့စက်ဘီးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းရှိ မြို့နယ်ငါးခုတွင် စက်ဘီးစီးပွဲကို တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ဇွန်လ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စက်ဘီးစီးပွဲကို ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ မြိတ်နှင့် ကော့သောင်းမြို့တွင် တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်ကြောင်း တိုင်းအား/ကာထံမှ သိရသည်။

ထားဝယ်မြို့တွင် ကျင်းပမည့် စက်ဘီး စီးပွဲတွင် အနည်းဆုံးအစီး ၂၀၀ မှ အများဆုံး ၅၀၀ အထိ ပါဝင် စီးနင်းနိုင်ရန် စီစဉ်ထားကြောင်း အထက်ပါဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

“ပြိုင်ပွဲ မဟုတ်ဘူး။ လမ်းလျှောက်ပွဲ ပုံစံ စက်ဘီးစုပြီး စီးကြမှာ။ စက်ဘီးစီး တတ်တဲ့ ဘယ်သူမဆို ပါလို့ရတယ်။ အထိမ်းအမှတ် အင်္ကျီတွေ လက်ဆောင်ပေးဖို့လည်း အစီအစဉ်ရှိတယ်”ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ထားဝယ်မြို့တွင် ကျင်းပမည့် စက်ဘီး စီးပွဲကို ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် တိုင်းအားကစားကွင်းရှေ့မှ စထွက်မည် ဖြစ်ပြီး ယင်းမှတစ်ဆင့် လေယာဉ်ကွင်းလမ်း၊ ၀ဲကျွန်းရပ်ကွက်၊ မီးသတ်လမ်းဆုံ၊ ဥတ္တံတားကြီးလမ်းဆုံ၊ ရုံးကြီးလမ်းဆုံ၊ ယင်းမှတစ်ဆင့် အာဇာနည်လမ်းအတိုင်း စီးနင်းလာကာ တိုင်းအားကစားကွင်းတွင် အဆုံးသတ်မည် ဖြစ်သည်။

ယင်းစက်ဘီးစီးပွဲတွင် ပါဝင်လိုသူများ အနေဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြတ်ပွင့် ကွန်ပျူတာ/မိတ္တူဆိုင်တို့တွင် ကြိုတင် စာရင်းပေးရမည်ဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

အဆိုပါစက်ဘီးစီးပွဲသည် အားကစားနှင့် ကာပညာဦးစီးဌာနမှ ယခုနှစ်တွင် ပထမဆုံး ကျင်းပသည့်ပွဲ ဖြစ်သော်လည်း ယင်းကဲ့သို့သောပွဲမျိုးကို ယမန်နှစ်များကတည်းက  တနင်္သာရီတိုင်းရှိ အချို့မြို့များတွင် စက်ဘီးစီးအသင်းများက ဦးဆောင် ကျင်းပလျက် ရှိသည်။

ကျော်သူစိုး