ပါချန်မြစ်ကြောင်းတစ်လျှောက် ကျောက်/သဲစုပ်ခွင့် ချပေးထားခြင်း မရှိ

0
758
ဓာတ်ပုံ - ဖိုးချမ်း

ကော့သောင်းမြို့နယ် ပါချန်မြစ်ကြောင်း တစ်လျှောက်တွင် ကျောက်/သဲ စုပ်ခွင့် တရားဝင် ချထားပေးခြင်း မရှိ ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

အကယ်၍ ခွင့်ပြုချက်မရှိဘဲ စုပ်ယူနေပါက ကွင်းဆင်းစစ်ဆေး ဖမ်းဆီးသွားမည်ဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးထံမှ သိရသည်။

“ပါချန်မြစ်မှာ (ကျောက်/သဲစုပ်ခွင့်)လုံးဝ ချမပေးထားဘူး၊ (ကျောက်/သဲ စုပ်နေရင်) ဖမ်းရမယ်၊ ဆီးရမယ်၊ တားမြစ် ရမယ်”ဟု ဦးနေဦးက ပြောသည်။

မေလ ၆ ရက်က ပါချန်မြစ်၏ ၁၄ မိုင် ချောင်းဝနေရာတွင် လှေတစ်စီးသည် ကျောက်/သဲ စုပ်ယူလျက် ရှိသည်။

ယင်း ကျောက်သဲစုပ်လှေကို ပြီးခဲ့ သည့် ၃ လခန့်မှအစ ကျောက်/ သဲစုပ်ယူ နေသည်ကို တွေ့မြင်ရပြီး ဒီရေကြီးသည့် နေ့ရက်များတွင် တွေ့ရလေ့ရှိကြောင်း ကော့သောင်းမြို့မှ ဒေသခံတစ်ဦးက ပြော သည်။

“ပုံမှန်(စုပ်နေတာ)တော့ မဟုတ်ဘူးပေါ့၊  ရေထရက် (မြန်မာ) ၁၃ ရက်ကနေ ၁ ရက် ၂ ရက်လောက်ထိ စုပ်နေတာပေါ့”အထက်ပါဒေသခံက ပြောသည်။

ယခင်နှစ်ကလည်း လှေကြီးတစ်စီးက ပါချန်မြစ်အတွင်းမှ ကျောက်/သဲများကို စုပ်ယူကာ ဒီရေတော အတွင်းဖို့ဖြည့်ခြင်း တို့ ပြုလုပ်ခဲ့သေးရာ ဒေသခံများက ၀ိုင်းဝန်း ကန့်ကွက်ကြသဖြင့် ရပ်နားခဲ့ကြောင်း ၎င်းဒေသခံက ပြောသည်။

ကော့သောင်းမြို့နယ်တွင်လည်း တရားမ၀င် ကျောက်/သဲ စုပ်ယူရောင်းချမှု အချို့ရှိနေကြောင်း ဒေသခံအချို့က ပြောကြသည်။

Dawei Watch