တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု တရားလိုဘက်မှ သက်သေခံ လေးဆယ်ကျော်တင်

0
860
ဓာတ်ပုံ - ဝေယံစိုး

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုလေးမှုအတွက် တရားလိုဘက်မှ သက်သေခံစာရွက်စာတမ်း လေးဆယ်ကျော် တင်သွင်းထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်ပြီး ၎င်းတို့ကိုအဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲ ဆိုထားသည်။

အဆိုပါအမှုများအတွက် ငါးကြိမ်မြောက်ရုံးချိန်းဖြစ်သည့် မေလ ၆ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့ သည်။

အမှုလေးမှုအတွက် တရားလို ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးချိန်မှ လက်ရှိအချိန်ထိ သက်သေခံစာရွက်စာတမ်း စုစုပေါင်း ၄၁ စောင်ကို တင်သွင်းခဲ့ခြင်းဖြစ် သည်။

အမှုလေးခုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရန် ကော်မရှင်အစည်းအဝေးဆုံး ဖြတ်ချက်များ၊ နိုင်ငံတော်သမ်္မတရုံးနှင့် ပြည်ထောင်စုအစိုးရက တရားစွဲဆို ခွင့်ပြုကြောင်း အကြောင်းကြားစာ အစရှိသည့်   သက်သေခံစာရွက်စာတမ်းများကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လာမည့်ရုံးချိန်းကို မေလ ၁၄ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“နောက်ရုံးချိန်းမှာ တရားလိုစစ်ဆေး ရေးမှူးကို တရားခံတွေဘက်က အပြန်အလှန် စစ်ဆေးမှာပါ”ဟု ဒေါ်အေးအေးသန်းက ပြောသည်။

တရားရင်ဆိုင်နေရသည့် ၀န်ကြီး ချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှုကို တိုင်းတရား လွှတ်တော်က ဧပြီလ ၂၂ ရက် ရုံးချိန်းတွင် ပယ်ချထားသည်။

Dawei Watch