ထားဝယ်ဆေးရုံ ငါးထပ်ဆောင်အသစ်တွင် ကလေးနှင့် သားဖွားမီးယပ် လူနာများကို နေရာချမည်

0
501

ထားဝယ်ဆေးရုံကြီးတွင် တည်ဆောက်နေသည့် ငါးထပ်ဆောင် ဆောက်လုပ် ပြီးစီးပါက ကလေးနှင့် သားဖွားမီးယပ် လူနာများကို နေရာချထားမည်ဖြစ်ကြောင်း ထားဝယ်ဆေးရုံအုပ်ကြီးက ပြောသည်။

လူနာကုတင် ၂၆၆ လုံး ၀င်ဆံ့သည့် ငါးထပ်အဆောင်၏ ပထမအထပ်နှင့် ဒုတိယအထပ်တွင် သားဖွားမီးယပ်လူနာ များကို နေရာချမည်ဖြစ်ပြီး တတိယအထပ် နှင့် စတုတ္ထအထပ်တွင် ကလေးလူနာ များကို နေရာချထားမည်ဖြစ်ကြောင်း ထားဝယ် ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအောင်က ဆိုသည်။

“Ward (ကလေးနှင့် သားဖွား လူနာဆောင်) ကို အကုန်လုံးရွေ့မှာပါ၊ နေရာလည်း ကျယ်သွားမှာပေါ့”ဟု ဒေါက်တာ အေးအောင်က ပြောသည်။

မြေညီထပ်တွင်မူ ဆေးရုံရုံးအဖွဲ့၊ သွေးလှူဘဏ်၊ ဆေးလူမှုဆက်ဆံရေးရုံး အစရှိသည့် ဌာနခွဲများကို ထားရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လစ်လပ်သွားမည့် လက်ရှိကလေး လူနာဆောင် (ပင်မအဆောင် အပေါ်ထပ်)ကို ဖျားနာဆောင်အဖြစ် အသုံးပြုမည် ဖြစ်ပြီး သားဖွားမီးယပ်ဆောင်တွင် အရိုး လူနာဆောင်အဖြစ် အသုံးပြုမည်ဖြစ် ကြောင်း ဒေါက်တာအေးအောင်က ပြောသည်။

ဆေးရုံပင်မအဆောင် တစ်ခုလုံးကိုလည်း ဖျားနာဆောင်အဖြစ် အသုံးပြုမည် ဖြစ်သည်။

အထက်ပါ ငါးထပ်ဆောင် အဆောက် အအုံကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကုန်ချိန်တွင် ၆၅ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း ယင်း အဆောက်အအုံကို တာဝန်ယူတည်ဆောက် နေသည့် အဆောက်အဦအထူး အဖွဲ့၁၆ မှ ဦးစီးအရာရှိ(မြို့ပြ) ကြီးကြပ် အင်ဂျင်နီယာ ဦးမြင့်ဦးက ဆိုသည်။

ငါးထပ်ဆောင် စတင်တည်ဆောက် သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ လက်ရှိဘဏ္ဍာရေးနှစ်အထိ ငွေကျပ် သန်းပေါင်း ၂၅၀၀ အသုံးပြုထားပြီး စီမံ ကိန်းတစ်ခုလုံးပြီးစီးရန်အတွက် ကျပ်သန်း ပေါင်း ၁၅၅၉ သန်း လိုအပ်နေသေးကြောင်း ၎င်းက ပြောသည်။

“ဌာနက တင်တောင်းထားတဲ့ငွေကို လာမယ့်ဘတ်ဂျက်နှစ်မှာ အပြည့်ရရင် အားလုံးပြီးစီးသွားမယ်”ဟု ဦးမြင့်ဦးက ဆိုသည်။

အထက်ပါ ငါးထပ်ဆောင်တွင် ရိုးရိုး လှေကား သုံးစင်းအပြင် လူဦးရေ ၂၁ ဦး အထိ စီးနင်းနိုင်မည့် ဓာတ်လှေကားနှစ်စီး ပါဝင်မည်ဖြစ်ပြီး မသန်စွမ်းများ အသုံးပြု နိုင်မည့် ၀ှီးချဲလမ်းများ၊ အိမ်သာများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငါးထပ်ဆောင်၏ ခေါင်မိုးတွင် အစည်းအဝေးခန်း ၂ ခန်းနှင့် ကျန်းမာရေး ၀န်ထမ်းများ၏ စားသောက်ခန်းကို ထည့်သွင်း တည်ဆောက်ထားကြောင်း ဦးမြင့်ဦးက ဆိုသည်။

ထားဝယ်ဆေးရုံးကြီးမှာ ကုတင် ၂၀၀ ဆံ့ဆေးရုံဖြစ်သော်လည်း လက်ရှိတွင် လူနာကုတင် ၃၄၅ လုံး ထားရှိပြီး ငါးထပ် ဆောင် ပြီးစီးချိန်တွင် ကုတင်အလုံးရေ ၆၀၀ အထိ ဖြစ်လာမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

Dawei Watch