ကော့သောင်းပင်လယ်ပြင်တွင် ဘီလီယံဆယ်ချီ တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိပြန်

0
484

ကော့သောင်းမြို့နယ် အတွင်းရှိ သံကျွန်းအနောက်ဘက် ရေမိုင် ၁၅၄မိုင် အကွာတွင် ကျပ် ၃၀ ဘီလီယံ(တစ်ဘီလီယံသည် ကျပ်သန်း ၁၀၀၀ နှင့် ညီမျှသည်။) ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် စက်လှေတစ်စီးကို ဧပြီ ၂၆ရက်က တပ်မတော်(ရေ)မှ ဒုတိယအကြိမ် ဖမ်းဆီးလိုက်ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

တစ်လအတွင်း ကျပ်ဘီလီယံဆယ်ချီ သည့် ICE အမျိုးအစားမူးယစ်ဆေးဝါးများကို ဒုတိယအကြိမ်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း ကျပ် ၃၄ဘီလီယံကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို ကော့သောင်းရေပိုင်နက် တွင် တပ်မတော် (ရေ)က ဖမ်းမိခဲ့သည်ဟု ကော့သောင်းမြို့မရဲစခန်း တာဝန်ရှိသူက ဆိုသည်။ 

ယခုမူးယစ်ဆေးဝါးများကို ထိုင်းရေပိုင်နက်အနီးသို့ ပို့ဆောင်ရန်အတွက် မော်လမြိုင်မြို့မှနေ၍ သယ်ဆောင်လာ ခြင်းဖြစ်ပြီး ထိုင်းဘက်မှ လာရောက် သယ်ဆောင်မည်ဟု စက်လှေပေါ်ပါ ရေလုပ်သားများက ထွက်ဆိုကြောင်း ၎င်းက ပြောကြားသည်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၇ဦးနှင့် မူးယစ်ဆေးဝါး ပို့ဆောင်ခိုင်း သူတို့ကို ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Dawei Watch