တနင်္သာရီတွင် သွေးလွန်တုပ်ကွေးပိုးတွေ့သူ ယမန်နှစ်ထက် နှစ်ဆနီးပါး ပိုများလာ

0
700

တနင်္သာရီတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့သည့် လူနာအရေ အတွက်မှာ ယမန်နှစ်ထက် နှစ်ဆနီးပါး ပိုများနေကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရ.ပ.က.န)ထံမှ သိရသည်။

ယမန်နှစ် ဇန်န၀ါရီလမှ ဧပြီလ ၂၃ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့သူ ၁၈၁ ဦးသာရှိရာမှ ယခုနှစ် ယင်းကာလတွင် ၃၁၁ ဦးအထိ ရှိလာကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါပိုးမျိုးစိတ် လေးခုရှိပြီး ထားဝယ်ဒေသတွင် မျိုးစိတ် အုပ်စုအမှတ် ၁ က ဖြစ်ပွားမှုများကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

ယခုနှစ်တွင် သွေးလွန်တုပ်ကွေး ပိုးတွေ့သူ ပိုမိုများပြားနေသည့်အတွက် မျိုးစိတ်ပြောင်းလဲမှု ရှိ/မရှိ သိနိုင်ရန် ရောဂါဖြစ်ပွားသူ၏ သွေးနမူနာကို ရန်ကုန် မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

ရောဂါပိုးမျိုးစိတ် မပြောင်းလဲပါက သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရပြီးသည့် ကလေးငယ်တွင် ထပ်မံဖြစ်ပွား ခြင်း မရှိတော့ဘဲ မျိုးစိတ်ပြောင်းလဲသွား ပါက နောက်တစ်ကြိမ်ပြန်လည် ဖြစ်ပွားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ ယူဆတာကတော့ မျိုးစိတ်များ ပြောင်းသွားသလားပေါ့၊ အဲဒီဟာတော့ သံသယဖြစ်နေတယ်”ဟု ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

သွေးလွန်တုပ်ကွေး ရောဂါပိုး မျိုးစိတ် ပြောင်းလဲသွားပါက ယခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ ပိုများလာနိုင်ပြီး နှာခေါင်း သွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်းကဲ့သို့ သွေးယိုစီးခြင်း အဖြစ်များကာ အန္တရာယ် ရှိကြောင်း ၎င်းက ရှင်းပြသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ နေ့ခင်းဘက် ခြင်ကျား(အသေး) ကိုက်ရာမှ တစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။

ခြင်ပေါက်ဖွားမှု မရှိစေရန် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ရန် အရပ်ဖက်အဖွဲ့အစည်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း ကာ လာမည့်အပတ်တွင် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း  ၎င်းက ဆိုသည်။

ခြင်နှိမ်နင်းရေးလုပ်ငန်းစဉ်တွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာ စေရန် သေချာစွာ စည်းရုံးလုပ်ဆောင်သင့် ကြောင်း ထားဝယ်မြို့ ၀ဲကျွန်းရပ်ကွက်နေ ကလေးတစ်ဦး ဖခင်ဖြစ်သူ ဦးဇော်မိုးက ပြောသည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ များလာသော်လည်း သေဆုံးမှု မရှိသေးကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။

ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ ၂၃ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စာရင်း

မြို့နယ် သွေးလွန်တုပ်ကွေး ပိုးတွေ့လူနာ ပိုးတွေ့သူအနက် သွေးယိုစီးလူနာ
ဘုတ်ပြင်း ၂၅ ၁၄
ထားဝယ် ၃၅
လောင်းလုံး ၂၇
ရေဖြူ ၁၄
မြိတ် ၉၉ ၅၀
ပုလော ၆၃ ၁၇
သရက်ချောင်း ၁၅
ကျွန်းစု ၃၀ ၂၀
တနင်္သာရီ
စုစုပေါင်း ၃၁၁ ၁၂၃

ကိုဇော်