ထားဝယ်ကလေးသင်္ကြန် မြို့ပေါ်တစ်ရပ်ကွက် မဏ္ဍပ်တစ်ခုဆောက်မည်

0
1660

ထားဝယ်ဒေသ၏ ရိုးရာ အစဉ်အလာတစ်ခုဖြစ်သည့် ကလေးသင်္ကြန် ကာလတွင် မြို့ပေါ်ရပ်ကွက်များ၌ မဏ္ဍပ် တစ်ခုစီ ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ထားဝယ်ခရိုင်တွင် ကလေးသင်္ကြန်ကို သင်္ကြန်အကြိုရက်မတိုင်မီ နှစ်ရက် အလိုတွင် ဆင်နွှဲလေ့ရှိသည်။

ကလေးများက မိမိအိမ်ရှေ့တွင်သာ ရေကစားနေရသည့်အတွက် မဏ္ဍပ် ထိုးပြီး ရေကစားနိုင်စေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

ဆောက်လုပ်မည့် မဏ္ဍပ်နေရာနှင့် ဆောက်လုပ်မည့်ပုံစံကိုမူ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် ကလေးမိဘများက ရွေးချယ်ရမည်ဖြစ်ပြီး တစ်ရပ်ကွက်လျှင် ငွေကျပ်တစ်သိန်းနှုန်း ထောက်ပံ့ရန် လျာထားကြောင်း ၀န်ကြီးဦးဟိုပင်က ပြောသည်။

“ထားဝယ်ရိုးရာကို ဖော်ဆောင်တဲ့ အနေနဲ့ရော၊ နောက်တစ်ချက်က ကလေးသူငယ်အခွင့်အရေးမှာ ပါဝင်ဆင်နွှဲခွင့်ဆိုတာ ပါတယ်၊ ဒီအခွင့် အရေးကို ဖော်ညွှန်းတဲ့အနေနဲ့ ဒါက တစ်ချက်ပါ”ဟု ၀န်ကြီးဦးဟိုပင်က ပြောသည်။

ယခုနှစ်တွင် ထောက်ပံ့မည့် ငွေကြေး အခက်အခဲရှိသည့်အတွက် ထားဝယ်မြို့ ပေါ်ရပ်ကွက်များကို အစပျိုးပေးသည့် သဘောဖြင့် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အခြားရပ်ကွက်/ကျေး ရွာများကိုပါ ထောက်ပံ့ရန် ရည်ရွယ်ထားကြောင်း ၀န်ကြီး ဦးဟိုပင်က ပြောသည်။

ကလေးသင်္ကြန်မဏ္ဍပ်အတွက် မြို့ပေါ်ရပ်ကွက်များကို ထောက်ပံ့သည့် နည်းတူ ကျေးရွာများကိုလည်း ထောက် ပံ့ စေလိုကြောင်း ထားဝယ်ခရိုင်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

“ရွာတွေကိုလည်း ထောက့်ပံ့ပေး ပြီးတော့ လုပ်စေချင်တဲ့ဆန္ဒတော့ ရှိတယ်။  မြို့ပေါ်နဲ့ ရွာတွေ တစ်တန်းတည်းပုံစံမျိုး ဖြစ်အောင်ပေါ့”ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်း က ဆိုသည်။

ထားဝယ်ဒေသအတွင်းရှိ အခြား ရပ်ကွက်/ကျေးရွာများက မိမိအစီအစဉ် ဖြင့် ကလေးသကြန်မဏ္ဍပ် ဆောက်လုပ် မည်ဆိုပါက ရေကစားမည့် ကလေးများ အန္တရာယ်ကင်းစေရန် ရပ်/ကျေးအုပ်ချုပ် ရေးမှူး၏ တာဝန်ခံမှုဖြင့် လုပ်ဆောင်နိုင် ကြောင်း ၀န်ကြီးဦးဟိုပင်က ဆိုသည်။

သို့သော် လက်ရှိတွင် အဆိုပါ မဏ္ဍပ် များအတွက် ငွေကြေးထောက်ပံ့ငွေ ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ဖြည်းဖြည်းချင်းချဲ့ဖို့ စဉ်းစား တယ်။ အခုက အစပျိုးပေးတာပဲ ရှိသေးတယ်။ လူတွေ သတိထားမိအောင် အစပျိုး ပေးလိုက်တာလောက်ပဲ”ဟု ၀န်ကြီး ဦးဟိုပင်က ဆိုသည်။

နှစ်စဉ် ကလေးသင်္ကြန်မဏ္ဍပ် ဆောက်ပေးလေ့ရှိသည်ဆိုသည့် မောင် မယ်ရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဦးကမူ တိုင်းအစိုးရက ငွေကြေး မထောက်ပံ့နိုင်သည့်အပေါ် နားလည်ပေး ရမည်ဟု ဆိုသည်။

“ရွာတွေပါ အားလုံးလုပ်မယ်ဆိုရင် တော့ ရန်ပုံငွေ တော်တော်လိုမှာ။ မြို့ပေါ် ကိုတောင်မှ တော်တော်လေးရုန်းကန်ပြီး လုပ်ရမယ့် အနေအထားရှိမယ်လို့ ထင်တယ်”ဟု ဦးမင်းကိုဦးက ဆိုသည်။

ထားဝယ်မြို့ပေါ်တွင် ရပ်ကွက် ရေကစားမဏ္ဍပ် ၁၅ ခုနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၏ မဏ္ဍပ် ၁ ခု ရှိလာမည် ဖြစ် သည်။

မဏ္ဍပ်ကို အုန်းလက်၊ ဓနိလက်များ ဖြင့် ဘုမ္မော်ဈေး(ညနေဈေး)အနီးတွင် ဆောက်လုပ်မည်ဖြစ်ပြီး ကလေးများ ရေကစားနိုင်ရန် ရေပုံးများ ထားရှိပေး မည်ဖြစ်ကြောင်း ထားဝယ်မြို့ ဒေါင်းငူ/ တံငါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက် က ပြောသည်။ 

“ကလေးသင်္ကြန်က ထားဝယ်ရိုးရာ ဖြစ်လို့ သဘောကျတယ်”ဟု ဦးစိုးထိုက်က ဆိုသည်။

ယခုနှစ်တွင် ကလေးသင်္ကြန်မဏ္ဍပ် ဆောက်ရန် အစီအစဉ် မရှိသေးသော် လည်း ရဲတပ်ဖွဲ့ကဲ့သို့သော သက်ဆိုင်ရာ တာဝန်ရှိသူများက မဏ္ဍပ်လုံခြုံရေး လုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း မောင်းမကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆိုသည်။

ယာဉ်အသွားအလာများသည့် လမ်းမကြီးပေါ်တွင် ရေကစားစေမည် ဆိုပါက ယာဉ်တိုက်မှုအန္တရာယ်ဖြစ်ပွား မည်ကို စိုးရိမ်သည့် ကလေးမိဘအချို့လည်း ရှိသည်။

ယာဉ်တိုက်မှု မဖြစ်စေရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကိုယ်တိုင် ဂရုတစိုက် ကြပ်မတ်စေလိုကြောင်း ထားဝယ်မြို့ ၀ဲကျွန်းထိန်သစ်ရပ်ကွက်နေ ကလေး နှစ်ဦး၏ဖခင် ဦးမင်းဇော်က ဆိုသည်။

“အုပ်ချုပ်ရေးမှူးတွေ သေသေချာချာ ကြီးကြပ်ပေးမယ်ဆို သွားကစားစေ မှာပါ”ဟု ဦးမင်းဇော်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း ကလေး သင်္ကြန်ကို ထားဝယ်ခရိုင်တွင်သာ ဆင်နွှဲ လေ့ရှိပြီး မြိတ်နှင့် ကော့သောင်းခရိုင်များ တွင် ကျင်းပလေ့ မရှိပေ။       ။

Dawei Watch