တီဘီလူနာအသစ်များတွင် HIV ပိုးတွေ့ နှုန်း ကော့သောင်းအများဆုံး

0
656

တနင်္သာရီတိုင်းအတွင်း တီဘီရောဂါ လူနာအသစ်များတွင် ကိုယ်ခံအားကျ ရောဂါ HIV ပိုးတွေ့သည့်နှုန်းမှာ ကော့သောင်း ခရိုင်တွင် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

တီဘီလူနာအသစ်ဆိုသည်မှာ ယခင်က တီဘီရောဂါ မဖြစ်ပွားခဲ့ဖူးသူများ ဖြစ်သည်။

၂၀၁၈ ခုနှစ် စာရင်းများအရ ကော့သောင်းရှိ တီဘီလူနာအသစ် ၁၂၃ ဦးအနက် ၃၁ ဦးတွင် HIV ပိုးတွေ့ရပြီး တိုင်းအတွင်းရှိ ခရိုင်သုံးခုအနက် အများဆုံး ဖြစ်နေကြောင်း အထက်ပါအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်တင့်ထွန်းက ဆိုသည်။

ထားဝယ်ခရိုင်ရှိ တီဘီလူနာအသစ် ၁၃၇ ဦးတွင် HIV ပိုးတွေ့သူ ၁၃ ဦး၊ မြိတ်ခရိုင်ရှိ တီဘီလူနာအသစ် ၁၅၀ ဦးတွင် HIV ပိုးတွေ့သူ ၁၅ ဦးရှိကြောင်း အထက်ပါအဖွဲ့ စာရင်းအရ သိရသည်။

“အဖြစ်များတာက အိမ်တစ်ဆောင် အတွင်းမှာ နေထိုင်သူများတာနဲ့ လူဦးရေ သိပ်သည်းမှုအပေါ် မူတည်မယ်”ဟု ဒေါက်တာ ကျော်တင့်ထွန်းက ပြောသည်။

တီဘီလူနာအသစ်တွင် HIV ပိုး တွေ့ရှိမှုစစ်တမ်းကို ၂ နှစ်လျှင်တစ်ကြိမ်နှုန်း ကောက်ယူပြီး အထက်ပါတွေ့ရှိမှုမှာ ၂၀၁၈ခုနှစ် မတ်လမှ မေလအထိ အချိန် သုံးလတာကာလအတွင်း လာရောက် ကုသသည့် တီဘီလူနာအသစ်များကို ကောက်ယူခြင်း ဖြစ်ကြောင်း ၎င်းက ဆို သည်။                      

ကိုဇော်