မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တွင် ရောင်းချနေသည့်ဆိုင်များ သင်္ကြန်အလွန် အပြီးဖယ်ရှားရမည်

0
2100
ဓာတ်ပုံ - ကျော်သူစိုး

ထားဝယ်ဒေသရှိ နာမည်ကြီး မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တွင် တည်ခင်းရောင်းချနေသည့် ဆိုင်များကို သင်္ကြန်အလွန်တွင် အပြီးဖျက်သိမ်းရန် တာဝန်ရှိသူများက လာရောက်ပြောဆို ထားကြောင်း ကျေးရွာအဆင့် မောင်းမကန် ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလေးဝင်းက ဆိုသည်။

အဆိုပါ ဆိုင်များကို ဧပြီလ ၁၉ ရက် နောက်ဆုံးထားပြီး အပြီးဖျက်သိမ်းရန် ဧပြီလ ၅ ရက်က လောင်းလုံးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စည်း ကမ်းချက်များ ထုတ်ကာ လက်မှတ်ရေးထိုး စေခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိ သဲသောင်ပြင်တွင်ရောင်း ချနေသည့် ဆိုင်အရေအတွက် ငါးဆယ် ခန့်ရှိကြောင်း ဦးလေးဝင်းက ဆိုသည်။

သဲသောင်ပြင်ရှိ ဆိုင်တန်းကို ဖယ်ရှား ပြီးပါက ၎င်းတို့အား စည်းကမ်းတကျဖြင့် ရေရှည်ရောင်းချနိုင်စေရန် နေရာတစ်ခု စီစဉ်ပေးစေလိုကြောင်း ၎င်းက ပြောသည်။

“ဒါမှလည်း လက်ရှိလုပ်ကိုင်စား သောက်နေတာလေးတွေ ဣနြေ္ဒရရနဲ့ ရှေ့ဆက်ပြီး လုပ်စားလို့ရအောင် စည်းထဲ ဘောင်ထဲ ဖြစ်သွားအောင်ပေါ့”ဟု ဦးလေးဝင်းက ဆိုသည်။

မောင်းမကန်ကမ်းခြေရှိ အမှိုက်များကို အထက်ပါကော်မတီမှ ဦးဆောင်ပြီး ဘန်ဂလိုအရှေ့ စားသောက်ဆိုင်ရောင်း ချသူများက ၂၀၁၆ ခုနှစ် မေလမှစတင်ကာ အပတ်စဉ်တနင်္လာနေ့တိုင်း အမှိုက်ကောက် ခဲ့ကြပြီး ၁၅၁ ပတ်မြောက်ဖြစ်သည့် ဧပြီ လ ၁ ရက်တွင် ခေတ္တရပ်နားတော့မည်ဟု ပြောဆိုထားသည်။

သဲသောင်ပြင်တွင် တည်ခင်းရောင်း ချနေသည့် ဆိုင်များကို တာဝန်ရှိသူများက မရှင်းလင်းပေးခြင်း၊ အဆိုပါဆိုင်များက အမှိုက်ကောက်ရာတွင် မပါဝင်ခြင်း၊ စည်း ကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကြောင့် ရပ်နားရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းကော်မတီ ထံမှ သိရသည်။

သို့သော် သင်္ကြန်အပြီးတွင် သဲသောင်ပြင်မှ ဆိုင်တန်းအား ဖယ်ရှားမည်ဟုဆို ခြင်းကြောင့် အပတ်စဉ်အမှိုက်ကောက်ခြင်းကို ရပ်နားမည် မဟုတ်တော့ဘဲ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးလေးဝင်းက ဆိုသည်။

သဲသောင်ပြင်တွင် ဆိုင်များထွက် ရောင်းနေသည့်အတွက် လာရောက်လည် ပတ်သည့် ခရီးသွားများအတွက် အဆင် မပြေမှုများ ဖြစ်လာကြောင်း မောင်းမကန် ကမ်းခြေတွင်ရောင်းချနေသည့် ငွေလာဖြူ စားသောက်ဆိုင်ပိုင်ရှင် ဦးဖြိုးကျော်သူက ပြောသည်။

မောင်းမကန်ကမ်းခြေ သဲသောင်တွင် ရောင်းချနေသည့်ဆိုင်များအပြင် တာဝန်ရှိသူများက စာရင်းကောက်ယူ ထားပြီးသည့် (ဘန်ဂလိုများအရှေ့တွင် ရောင်းချနေသည့်ဆိုင်များ)ဆိုင်ပေါင်း တစ်ရာကျော်ရှိသည်။

ကိုဇော်