အားကစားပြက္ခဒိန်အသစ်တွင် ဂေါက်သီးရိုက်ပြိုင်ပွဲအစား ဗိုဗီနမ်ပြိုင်ပွဲ ထည့်သွင်း

0
955

တနင်္သာရီတိုင်း၏ ၂၀၁၉ – ၂၀၂၀ အားကစားပြက္ခဒိန်အသစ်တွင် ဂေါက် သီးရိုက်ပြိုင်ပွဲကို ဖြုတ်လိုက်ပြီး၊ ဗိုဗီနမ် ပြိုင်ပွဲကို ထပ်တိုးထားကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ဂေါက်သီးရိုက်အားကစားနည်းကို အားကစားနှင့် ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပတော့မည်မဟုတ် ဘဲ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်က တိုက်ရိုက်ကိုင်တွယ်မည်ဖြစ်သောကြောင့် အားကစား ပြက္ခဒိန်တွင် ထည့်သွင်း ခြင်းမရှိကြောင်း အထက်ပါဌာနာ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ဗိုဗီနမ်အားကစားနည်းမှာ ဗီယက်နမ်နိုင်ငံမှ အတိုက်အခိုက် အားကစား နည်းတစ်ခုဖြစ်ပြီး ဆီးဂိမ်းနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ယင်းအားကစားနည်းများ ထည့်သွင်းကျင်းပလာခြင်းကြောင့် အားကစားပြက္ခဒိန်အသစ်တွင် ထည့်သွင်းထားကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“ဂေါက်ရိုက်ကွင်းက နေရာတိုင်းမှာ မရှိတော့ ပြိုင်ပွဲတွေလုပ်ဖို့လည်းခက်တယ်” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

တိုင်းနှင့် ပြည်နယ်အဆင့် ဗိုဗီနမ်ပြိုင်ပွဲကို ဇွန်လတွင်ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ အတွက် တိုင်းကိုယ်စားပြုပါ ၀င်ယှဉ်ပြိုင်မည့် ကစားသမားများရွေး ချယ်မည့် ပြိုင်ပွဲကို မေလတွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအားကစား ပြက္ခဒိန်အရ သိရသည်။

ယင်းအားကစားပြက္ခဒိန်တွင် ဗိုဗီနမ်အားကစားနည်းအပြင် နှစ်စဉ် ပါဝင်နေကြ အားကစားနည်း ၃၁ မျိုး ပါဝင်သည်။

ကျော်သူစိုး