ထားဝယ်တွင် ကျောက်ကပ် ဆေးနိုင်တော့မည်

0
2490

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ဆေးစက်နှစ်လုံး၊ ယင်းစက်နှင့် တွဲဖက်အသုံးပြုရသည့် ရေသန့်စက် တစ်လုံးကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ပေးပို့ထားသည့်အတွက်  လာမည့် မေလခန့်မှစပြီး ကျောက်ကပ် ဆေးနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

ကျောက်ကပ်ဆေးနိုင်ရန်အတွက် ထားဝယ်ဆေးရုံမှ  သမားတော်တစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြု နှစ်ဦးကို သင်တန်းတက်ရန် စေလွှတ် ထားကြောင်း ထားဝယ်ဆေးရုံအုပ် ဒေါက်တာ ဆွေဆွေအောင်က ပြောသည်။

“ဆေးရုံမှာတော့ အဲဒီအတွက် အခန်းပြင်တာတို့တော့ လုပ်ရဦးမှာပေါ့”ဟု ဒေါက်တာဆွေဆွေအောင်က ဆို သည်။

လက်ရှိတွင်မှု ကျောက်ကပ်ဆေးရန် လိုအပ်နေသည့် လူနာများကို ရန်ကုန်မြို့ ရှိဆေးရုံများကို လွှဲပို့ပြီးကုသပေးနေကြောင်း ၎င်းက ပြောသည်။

၎င်းင်းအပြင် ထားဝယ်မြို့တွင် အလှူရှင်များလှူဒါန်းငွေဖြင့် ဒီဃာယုက ဒါနစရိတ်မျှပေး ကျောက်ကပ် သန့်စင်ဆေးခန်း တစ်ခု ဖွင့်လှစ်နိုင်ရန် ထားဝယ်ဒေသခံများ၊ လုပ်ငန်းရှင်များဖြင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ဆောင်ရွက်လျက် ရှိသည်။

ဒီဃာယုကဒါန စရိတ်မျှပေးကျောက် ကပ်သန့်စင်ဆေးခန်းအတွက်မူ ဆောက်လုပ်မည့်မြေနေရာရရှိရန် တိုင်းအစိုးရထံ မတ်လ တတိယအပတ်က တင်ပြတောင်း ခံထားပြီး အဆောက်အအုံကို လာမည့်နှစ်တွင် စတင်ဆောက်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းကျောက်ကပ်သန့်စင်ဆေးခန်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကိုက ပြောသည်။

“ဒီကျောက်ကပ်ရောဂါက တစ်ခါ ဆေးရုံနဲ့ပြီးသွားတဲ့ကိစ္စ မဟုတ်ဘူးလေ။ သူက ကျောက်ကပ်မလဲမချင်း မဟုတ်ရင် မသေမချင်း အမြဲဆေးနေရတော့မှာဆိုတော့ ရန်ကုန်မှာနေပြီး နေဖို့ထိုင်ဖို့မရှိ ဘူးဆိုရင် ထားဝယ်မှာ ကျောက်ကပ်ဆေးစက်ရှိရင် ကုန်ကျစရိတ်သက်သာလာမှာပေါ့” ဟု ဦးအောင်ကိုက ဆိုသည်။

ကျောက်ကပ်ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများစွာရှိသည့်အနက်  အဓိကမှာ သွေးတိုး၊ ဆီးချိုရောဂါများကို မကုသဘဲ တာရှည်ထားမိရာမှ ရောဂါဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာ ဆွေဆွေအောင်က ပြောသည်။

ကျော်သူစိုး