တနင်္သာရီဂျာနယ်အမှု အယူခံ ခရိုင်တရားရုံးလက်ခံ၊ ဧပြီ ၁၉ အပြီးသတ် လျှောက်လဲရမည်

0
476

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့် တနင်္သာရီဂျာနယ်အမှုနှင့် ပတ်သက်၍ တင်သွင်းထားသည့် အယူခံကို ထားဝယ်ခရိုင်တရားရုံးက မတ်လ ၂၉ ရက်တွင် လက်ခံလိုက်သည်။

တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်းအစိုးရက တရားစွဲဆိုခဲ့ပြီး ထားဝယ် မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင်အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ဖေဖော်ဝါရီ လ ၁၈ ရက်က အမိန့်ချခဲ့သည်။

ယင်းကြောင့် တနင်္သာရီဂျာနယ်ဘက်မှ အယူခံကို ထားဝယ်ခရိုင်တရားရုံး သို့ မတ်လ ၁၃ ရက်က တင်သွင်းခဲ့သည်။

ခရိုင်တရားရုံးက တနင်္သာရီဂျာနယ်ဘက်မှ တင်သွင်းသည့် အယူခံအမှုကို နှစ်ဖက်အပြီးသတ် လျှောက်လဲချက် ကြားနာရန် ဧပြီလ ၁၉ ရက်ကို ပြန်လည် ချိန်းဆိုထားကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။

“တရားရုံးက အမှုကို လက်ခံပြီးတော့ နှစ်ဖက်လျှောက်လဲချက် ကြားနာမယ်ပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။

လာမည့်ရုံးချိန်းတွင် နှစ်ဖက်အပြီးသတ် လျှောက်လဲပြီး နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုကာ အပြီးသတ်အမိန့်ချ မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး သရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်(ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုနောက် တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထားဝယ်မြို့နယ်တရားရုံးက အပြစ်ရှိ သည်ဟုဆိုကာ အမိန့်ချခဲ့ခြင်း ဖြစ်သည်။          

Dawei Watch