ဗိုလ်မှူးကြီးဗထူး အရိုးအိုးနှင့် အထိမ်းအမှတ်ပစ္စည်းများ မထိန်းသိမ်းပါက ထားဝယ်ပြန်ပို့ပေးပါ

0
1542

ရှမ်းပြည်နယ်နှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ တဲလု ကျေးရွာရှိ ဗိုလ်မှူးကြီးဗထူး အရိုးအိုးနှင့် အထိမ်းအမှတ် ပစ္စည်းများအား မထိန်းသိမ်းပါက ပြန်လွှဲပေးရန် ထားဝယ်လူမျိုး စုစည်းမှုကော်မတီက မတ်လ ၂၉ ရက် တွင် စာပို့ပြီး မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။

ကလောမြို့နယ်၊ အောင်ပန်းမြို့ လမ်းချဲ့ရာတွင် ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည်ရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်အား လမ်းနယ်နှင့် မလွတ်ကင်းဟုဆိုကာ မတ်လ ၂၈ ရက်တွင် ဖြိုချခဲ့ခြင်းကို အကြောင်းပြုပြီး ယင်းသို့ တောင်းဆိုခြင်းဖြစ်ကြောင်း ထားဝယ် လူမျိုးစုစည်းမှုကော်မတီ တာဝန်ခံ ဦးအောင်မျိုးက ပြောသည်။

ယင်းကဲ့သို့ ဗိုလ်မှူးကြီးဗထူးနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်များကို ထိန်းသိမ်းခြင်းမရှိဘဲ ဖယ်ရှားမှုမျိုးကို ဆက်လုပ်နေမည်ဆိုပါက ဇာတိမြေဖြစ်သည့် ထားဝယ်မြို့သို့ ယင်းပစ္စည်းများ တရားဝင်လွှဲပြောင်းပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်ဟု ယင်းစာတွင် ဖော်ပြထားသည်။

ယင်းသို့ တောင်းဆိုသည့်စာကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ တနင်္သာရီ တိုင်းအစိုးရအဖွဲ့၊ တနင်္သာရီတိုင်းလွှတ်တော်နှင့် သက်ဆိုင်ရာဌာနအသီးသီးကို ပို့ထားကြောင်း ဦးအောင်မျိုးက ပြောသည်။

“ဒီဗိုလ်မှူးကြီးဗထူးကျောက်တိုင် ကိစ္စကြားကတည်းက ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးကို ဖုန်း ဆက်ပြီးတော့ ကျွန်တော်တို့ စာပို့မယ်လို့ ပြောပြီးသား။ သူတို့ကလည်း စာပို့ပေးပါလို့ ပြောတယ်။ ပေးမယ်ဆိုရင်တော့ ကိုယ်တိုင်သွားယူမယ်”ဟု ဦးအောင်မျိုးက ဆိုသည်။

ထို့အပြင် ဗိုလ်မှူးကြီးဗထူး ရာပြည့်ကော်မတီ(တနင်္သာရီတိုင်းဒေသ ကြီး)ကလည်း အထိမ်းအမှတ်ကျောက် တိုင် ဖယ်ရှားခြင်းကို ကန့်ကွက်ကြောင်းနှင့် နောင်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ ဗိုလ်မှူး ကြီး ဗထူးနှင့် ပတ်သက်သည့် အထိမ်းအမှတ်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြုလုပ်လိုပါက တနင်္သာရီတိုင်းအစိုးရ အဖွဲ့မှ တဆင့် ဗိုလ်မှူးကြီး ဗထူးရာပြည့် ကော်မတီ(တနင်္သာရီတိုင်းဒေသကြီး)ထံ ဆက်သွယ်ဆောင်ရွက်ပါက တတ်စွမ်းသမျှ ကူညီမည်ဖြစ်ကြောင်းကို မတ်လ ၂၉ ရက်က သဘောထားထုတ် ပြန်ခဲ့သည်။

ရှမ်းပြည်နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းထိုက်ကမူ ဗိုလ်မှုးကြီးဗထူးကျောက်တိုင်အား လမ်း နယ်နှင့် မလွတ်ကင်းသဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ပြီး ဘက်ဖိုးဖြင့် ဖြိုချခဲ့သည် ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ရှင်းပြသည်။

“အမှန်က တိုင်က နဲ့နေတဲ့အခါကျ တော့ ဘက်ဖိုးနှစ်စီးနဲ့ ထောက်ထားတာ။ ပြိုလဲသွားမှာ စိုးလို့။  ကျွန်တော်တို့က မှုလပုံစံအတိုင်း လိုချင်လို့ ဖြည်းဖြည်း ချင်းဖျက်ချတာ။ ဖြေးဖြေးချင်းလူနဲ့ခွာတာ။ လက်နဲ့ ဖြိုတာ။ စနစ်တကျလုပ်တာ သုံးနာရီကြာတယ်။ ရှေးမှုပျက်မှာ စိုးလို့။ ရုတ်တရက်ကြည့်လိုက်ရင် လက်လွတ် စပယ် ဖြုတ်ချလိုက်သလိုလို ထင်ရတယ်” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်ရှိ ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ် ပစ္စည်းများကို ထားဝယ်မြို့သို့ ပြန်လည်လွှဲပြောင်းပေး ရမည်ဆို သည်မှာလည်း မဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီး ဗထူးနှင့် အာဇာနည်ရဲဘော်များ အထိမ်းအမှတ်ကျောက်တိုင်ကို ငါးမြှောင့် ကျောက်တိုင်အဖြစ် ၁၉၄၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့သည်။ ၁၉၆၂ ခုနှစ် မူလကျောက်တိုင်အားဖြိုဖျက်ကာ သုံးမြှောင့်ကျောက်တိုင်အဖြစ် ပြုပြင်ခဲ့ပြီး မူလ ကျောက်တိုင်မှ ကျောက်စာကိုပြန် လည်တပ်ဆင်ပေးခဲ့ကြောင်း ကျောက် တိုင်ရှိ သမိုင်းမော်စာတွင် ဖော်ပြထားသည်။

ထားဝယ်ခရိုင်အတွင်းတွင် ထားဝယ် မြို့ပေါ်တွင် ဗထူးပန်းခြံ၊ လောင်းလုံးမြို့နယ် ကမြောကင်း တံတားထိပ်တွင် ဗိုလ်မှူးကြီး ဗထူးကြေးရုပ်နှင့် လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာတွင် ဗိုလ်မှူးကြီးဗထူး ပန်းခြံနှင့် ကြေးရုပ်ထုများ ရှိသည်။

Dawei Watch