မြိတ်-ကျွန်းစု မြစ်ကူးတံတားအတွက် မြေပြင်လုပ်ငန်းစတင်

0
711

မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်သို့ ဆက်သွယ်မည့် အရှည် ပေနှစ်ထောင် ခန့်ရှိ မင်းသန်း-မောင်းလှော်တံတား အတွက် မြေပြင်လုပ်ငန်းများကို ယခု နှစ်ဆန်းပိုင်းမှ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနထံမှ သိရသည်။

မြိတ်ဘက်ကမ်း မင်းသန်းကျေးရွာ နှင့် ကျွန်းစုဘက်ကမ်း မောင်းလှော်ကျေး ရွာတို့ကို ဆက်သွယ်မည့် ပေ ၁၈၀၀ ရိတံတားအတွက် မြေယာ စတင်ပြုပြင်နေကြောင်း အထက်ပါ ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရက ပြောသည်။

“၀န်ထမ်းအိမ်ရာတို့၊ အုပ်သမား တန်းလျားတို့လည်း စလုပ်နေပါပြီ”ဟု  ဦးသူရက ဆိုသည်။

မြစ်ကူးတံတား တည်ဆောက်ရေး  အတွက် မြေယာပြုပြင်သည့်လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တံတား ဦးစီးဌာနက ရရှိသည့် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တံတားဆောက်လုပ်ရေးလုပ်ငန်းများအတွက်မူ လာမည့်နှစ်များတွင် ရရှိမည့် ဘတ်ဂျက်အပေါ် မူတည်၍ တည် ဆောက်သွားမည်ဖြစ်ပြီး လေးနှစ်အတွင်း ပြီးစီးနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

အဆိုပါ မြစ်ကူးတံတားဆောက် လုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကျွန်းစု မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဟိန်းက မေးမြန်းခဲ့သည်။

ယင်းမေးခွန်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ တည် ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဖြေကြားခဲ့သည်။

မင်းသန်း-မောင်းလှော် မြစ်ကူး တံတားသည် ဒေသခံပြည်သူ ၃ သောင်း ခန့်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ဆောက် လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဦး စီးဌာန၏ ဦးစားပေးလမ်း အဆင့် ၁ တွင် ပါဝင်နေကြောင်း ဒုဝန်ကြီးက ဖြေဆိုထားသည်။

လက်ရှိတွင် မင်းသန်းကျေးရွာမှ မောင်းလှော်ကျေးရွာသို့ ကူးတို့(ဇက်) သံခွံရေယာဉ်တစ်စီးဖြင့် နေ့စဉ်ပြေးဆွဲ လျက်ရှိကြောင်း ကျွန်းစုမြို့နယ် စည် ပင်သာယာရေးကော်မတီထံမှ သိရ သည်။

မြင့်မိုရ်(မြိတ်)