မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ ဈေးနှစ်ဆတက်ချိန် ရောင်းအားကျနိုင်ဟု ခန့်မှန်း

0
2034

နိုင်ငံပိုင် သတင်းစာနှစ်စောင်ဖြစ် သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာနှစ်စောင်သည် ဧပြီလ ၁ ရက်မှ စတင်ပြီး ဈေးနှစ်ဆတက်မည်ဖြစ် ကြောင်း မတ်လ ၈ ရက်က သတင်းထုတ် ပြန်သည်။

မြန်မာ့အလင်းနှင့် ကြေးမုံကို ယခင်က ပင်ရင်းဈေးနှုန်း တစ်စောင်လျှင် ကျပ် ၅၀ ဖြစ်ရောင်းချနေရာမှ ဧပြီလ တွင် တစ်စောင်လျှင် ကျပ် ၁၀၀ ဖြင့် ရောင်းချတော့မည်ဟု ဖော်ပြထားသည်။

ယင်းကဲ့သို့ နှစ်ဆဈေးတက်သွား ခြင်းကြောင့် တနင်္သာရီတိုင်းတွင် မြန်မာ့အလင်းနှင့်ကြေးမုံ ရောင်းအား ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း တိုင်းအတွင်းရှိ ယင်းသတင်းစာ ကိုယ်စားလှယ်အချို့ က ခန့်မှန်းထားသည်။

“ရောင်းအားကတော့ ကျလာမယ် ထင်တာပဲ။ ဘာဖြစ်လို့လဲဆို ဈေးက တက်သွားတာကိုး”ဟု မြိတ်မြို့မှအရောင်း ကိုယ်စာလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထားဝယ်မြို့တွင်လည်း လက်ရှိ တွင်ပင် ယင်းသတင်းစာနှစ်စောင်အနက် လစဉ်တစ်စောင် ပုံမှန်မှာယူထားသူအချို့ ဈေးတက်မည့် ဧပြီလတွင် ဆက်မယူ တော့ကြောင်း ထားဝယ်ကိုယ်စာလှယ် အချို့က ပြောသည်။

“ကျွန်တော့်မှာ တစ်ဆယ်လောက် ရှိပြီ လျော့သွားတာ။ ရုတ်တရက်ဈေး တက်သွားတော့ လူတွေက လန့်သွားတာ ပေါ့၊ လူတွေက မယူနိုင်ကြတော့ဘူးပေါ့” ဟု ထားဝယ်မြို့ အရောင်းကိုယ်စာလှယ် ဦးစိန်ဝင်းကဆိုသည်။

သတင်းစာထုတ်လုပ်မှုစရိတ် မြင့်မားလာခြင်းကြောင့် နိုင်ငံတော် ဘဏ္ဍာ မဆုံးရူံးစေရန် ဈေးတက်ရခြင်း ဖြစ်ကြောင်း မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာများတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် နေ့စဉ် မြန်မာ့ အလင်း ၁၆၁၂ စောင်နှင့် ကြေးမုံ ၁၃၇၃ စောင်ဖြန့်ချိလျက်ရှိကြောင်း တနင်္သာရီ တိုင်း ကိုယ်စားလှယ်ထံမှ သိရသည်။

Dawei Watch