ကုန်ကြွေးနှင့် လုပ်အားခ ကျပ်သိန်းခြောက်ရာနီးပါး ကုမ္ပဏီပိုင်ရှင် လာမရှင်းဟု စွပ်စွဲ

0
1048
ဓာတ်ပုံ - ကိုဆန်း

တင်ဒါအောင်လုပ်ငန်းများပြီးစီးခဲ့ပြီး ဖြစ်သော်လည်း လုပ်အားခနှင့် ကုန်ပစ္စည်း အကြွေး ကျပ်သိန်းခြောက်ရာနီးပါးအား ကုမ္ပဏီပိုင်ရှင်မှ လာရောက်ရှင်းလင်းပေး ချေခြင်းမရှိသေးကြောင်း ယင်းကုမ္ပဏီ၏ ထွေထွေမန်နေဂျာနှင့် အလုပ်သမားအချို့က စွပ်စွဲပြောဆိုလိုက်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ V.S.C Group ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် အလုပ်သမား ၁၂ ဦးသည် ဖေဖော်ဝါရီ လ ၂၀ ရက်က မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

V.S.C Group ကုမ္ပဏီသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နတလ ရန်ပုံငွေဖြင့် တောင်ရှည်-တောင်ညို ကျေးရွာချင်းဆက်လမ်း နှစ်မိုင်နှင့် ပုလုံး၊ ဘန်မဲ့၊ တက်လက်ငယ်ကျေးရွာတို့တွင် ရေပေးဝေရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် အလုပ်သမားများထံမှ သိရသည်။

ယင်းလုပ်ငန်းများကို လုပ်ကိုင်ပြီးစီးသဖြင့် လုပ်ငန်းပြန်လည်အပ်နှံပြီးဖြစ်သော်လည်း လုပ်ငန်းလုပ်ကိုင်ရာတွင် ပါဝင်ခဲ့သူ ၁၂ ဦး၏  လုပ်အားခများနှင့် ကုန်ပစ္စည်းအကြွေး ကျပ် ၅၉၃ သိန်းကျော်ပေးရန် ကျန်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

“ဒီမှာပေးရမယ့် ကုန်ကြွေး လုပ်အားခတွေ ပေးဖို့ခေါ်တာ လုံးဝလာမရှင်းလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမျိုးလှိုင်က ပြောသည်။

ယင်းသို့အကြွေးကျန်နေမှုနှင့်ပတ်သက်၍ ဌာနဆိုင်ရာအသီးသီးသို့တိုင်ကြား ခဲ့သော်လည်း တရားစွဲရန်သာပြောဆိုခဲ့သည်ဟု ဦးမျိုးလှိုင်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး V.S.C Group ကုမ္ပဏီပိုင်ရှင် ဦးမောင်အေးက ၎င်းအနေဖြင့် လမ်းခင်းခဲ့ချိန်က ကျောက်ဖိုးငွေ ပေးရန်ကျန်ရှိသူ နှစ်ဦးသာရှိပြီး ၎င်းတို့နှစ်ဦးအား ငွေတချို့တစ်ဝက်ပေးပြီးဖြစ်ကာ လက်ရှိတွင် တောင်းပန်ထားသည်ဟု ဆိုသည်။

အလုပ်သမားများအတွက်လုပ်ခလစာများကိုလည်း အထွေထွေမန်နေဂျာထံ ထုတ်ပေးထားပြီးဖြစ်ကြောင်း ဦးမောင်အေးက ဆိုသည်။

“စာရင်းမရှိဘောင်ချာမရှိဘဲရှိတဲ့ ဘောင်ချာတွေကိုလည်း ဖျောက်ပစ်ပြီး ကျွန်တော့်မှာ အကြွေးတင်နေပါတယ်လို့ လာပြောလို့ မရဘူး”ဟု ၎င်းက ပြောသည်။

အထွေထွေမန်နေဂျာမှ လက်မှတ်ထိုး၍ ယူထားသည့်ငွေစာရင်း အကုန်လုံး မိမိတွင်ရှိပြီး မန်နေဂျာတင်သွင်းသည့် စာရင်းများလွဲချော်နေသည့်အတွက် ရန်ကုန် ရှိစာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ဦးမောင်အေးက ဆိုသည်။

စာရင်းစစ်ဆေး၍ အမှန်တရားပေါ် ပေါက်လာလျှင် အထွေထွေမန်နေဂျာ၏ မဟုတ်မမှန်စွပ်စွဲချက်များနှင့် ပတ်သက်၍ တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း ဦးမောင်အေးက ဆက်လက်ပြောဆိုသည်။

မဇောကျေးရွာအုပ်စု၊ဘန်မဲ့ကျေးရွာ မှ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ ဦးအေးငယ်က လည်း ရွာရေကန် ဆောက်လုပ်သည့်လုပ်ငန်းအတွက် ကုမ္ပဏီထံမှ ကျပ်သိန်း ၃၀ ကျော်ရရန်ကျန်ရှိနေပြီး ကုမ္ပဏီပိုင်ရှင်အား ဖုန်းဖြင့်အကြိမ်ကြိမ်ခေါ်၍ တောင်းဆိုသော်လည်း လာရောက်မဖြေရှင်းပေးသည့် အပြင် နောက်ပိုင်းဖုန်းမကိုင်တော့ကြောင်း ပြောဆိုသည်။

“(ကုမ္ပဏီပိုင်ရှင်နှင့် မန်နေဂျာ) နှစ်ယောက်ကြား ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ မပြောချင်ဘူး။ ကျွန်တော် ချေးငှားပြီးလုပ်ထားရတဲ့ ငွေတွေအတွက် တစ်လတစ်သိန်း အတိုးဆပ်နေရပါတယ်”ဟု ဦးအေးငယ်က ဆိုသည်။

Dawei Watch