ကစားပါစေ

0
586
editorial

နွေရာသီ ကျောင်းပိတ်ချိန် ရောက်ပြီ။

တစ်နှစ်တာပတ်လုံး ကျောင်း၊ ကျူရှင်နှင့် အိမ်တို့ကြားတွင် လုံးချာလည်နေရသည့် ကာလ အဆုံးသတ်ပြီ ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် နောက်တစ်နှစ်အတွက် စတင်ပြင်ဆင်ကြ ပြန်သည်။

ကလေးများ အတော်မောပေမည်။

ယင်းသို့ ပြင်ဆင်ကြသည်ကို မြင်တိုင်း ကလေးများအနေဖြင့် စာအုပ်များထဲမှ မဟုတ်ဘဲ အပြင်လောကတွင် သင်ယူခွင့်နည်းသွားမည်ကို စိုးရိမ်မိပါသည်။

ဥပမာ မီးသည် ပူကြောင်းကို စာအုပ်ထဲမှ သိခြင်းထက် အပြင်တွင် မီးပုံနား လက်ကပ်ကြည့်ခြင်းဖြင့် သိခြင်းက ပိုလေးနက်သည်။

လုံလောက်သည့် ဆော့ကစားခွင့်သည် ကလေးငယ်များအတွက် အင်မတန် အရေးကြီးပေသည်။

သို့မှလည်း လုံလောက်မျှတသော သင်ယူခွင့်ကို ရမည်ဖြစ်သည်။

ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိရန်၊ ခန္ဓာကိုယ် ကျန်းမာမှုကို အထောက်အကူဖြစ်ရန်၊ ပူးပေါင်းဆောင်ရွက်မှု၊ အနိုင်အရှုံးနှင့် ရုန်းကန်ရမှုစသဖြင့် များမြောင်လှစွာသော အရာများကို ဆော့ကစားရင်းဖြင့် သင်ယူနိုင်သည်။

ကစားပွဲများတွင် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ လိုက်နာရသည့် ကျင့်ဝတ်များ ရှိသည်။ ထို့ကြောင့် ဆော့ကစားခြင်းဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းကိုလည်း ထိတွေ့ သင်ယူနိုင်သည်။

ကျင့်ဝတ်စည်းကမ်းများနှင့် အနိုင်လိုချင်စိတ်ကြား ဗျာများရသည့် အခိုက်အတန့် များကိုလည်း ဖြတ်သန်းခွင့်ရမည်။

စသဖြင့် အများကြီးမှ အများကြီးပင်။

စာအုပ်ထဲက စာများကို ကျက်မှတ်နေမှ သင်ယူနေသည်မဟုတ်။

ဆော့ကစားခြင်းဖြင့်လည်း ထိတွေ့သင်ယူမှုများစွာ လုပ်နေသည်ကို သတိချပ်စေချင်ပါသည်။

နွေရာသီတွင် ကလေးတွေ ကစားပါစေဟု တိုက်တွန်းလိုရင်း ဖြစ်သည်။

အယ်ဒီတာ