အားကစားရန်ပုံငွေ မြိတ်နှင့် ကော့သောင်းအတွက် ပိုသုံးရန် လျာထား

0
980

အားကစားကဏ္ဍအတွက် တိုင်းအစိုးရ၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေတွင် မြိတ်နှင့် ကော့သောင်းခရိုင်တွင် ပိုမို အသုံးပြုရန် လျာထားတင်ပြထားကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းဖြည့်စွက်ရန်ပုံငွေတွင် မြိတ်ခရိုင် ပုလောမြို့နယ် အားကစားကွင်း ကွန်ကရစ်ခင်းရန်၊  ဖူဆယ်ဘောလုံးကွင်းဆောက်ရန်နှင့်  ကျွန်းစုမြို့နယ် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ အကြားရှိ မြေထိန်းနံရံတည်ဆောက်ရန် စုစုပေါင်းလျာထားငွေ ကျပ်သိန်း ၃၃၀ ကျော် ရှိကြောင်း အထက်ပါ ဌာနညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အားကစားရုံအနီးရှိ မြေထိန်းနံရံတည် ဆောက်ရန်နှင့်  မိုးလုံလေလုံ အားကစားခန်းမ သွပ်မိုးလဲရန် စုစုပေါင်း လျာထားငွေ ကျပ်သိန်း ၂၄၀ ကျော် ရှိကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့နယ်အတွက်မူ ရွှေဝယ်သီရိ အားကစားကွင်းရှိ VIP  ပွဲကြည့်စင်အမိုး ပြုပြင်ရန် ကျပ်သိန်း ၆၀ ကျော် လျာထားသည်။

“မြိတ်နဲ့ ကော့သောင်းက သဘာဝဘေးနဲ့ဆိုင်တဲ့ဟာတွေကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပိုပြီးလျာလိုက်တာ”ဟု ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းဖြည့်စွက်ရန်ပုံငွေတွင် အထက်ဖော်ပြပါ မြို့နယ်များအတွက်သာလျာ ထားပြီး ကျန်မြို့နယ်များအတွက်မပါဝင် သေးပေ။

ယင်းဖြည့်စွက်ရန်ပုံငွေကို တိုင်းလွှတ်တော်က အတည်ပြုထားပြီး ပြည် ထောင်စုလွှတ်တော်ကို ဆက်လက် တင်ပြ အတည်ပြုချက် ရယူရမည်ဖြစ်သည်။

ကျော်သူစိုး