မော်လမြိုင် သံလွင်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ မွန်အမျိုးသားနေ့မှ ပြန်လာသူ ၇ ဦး ဒဏ်ရာရ

0
1216

မော်လမြိုင် သံလွင်တံတားပေါ်တွင် ကားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားမှ ပြန်လာသည့် လူငယ် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ အချိန်ခန့်က မော်လမြိုင်မှ မုတ္တမဘက်သို့ မောင်းနှင်သည့် ယာဉ်သည် အရှေ့ရှိ မော်တော်ယာဉ်တစ်စီးကို ကျော်တက်စဉ် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားမှ ပြန်လာသည့် ယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားမှ ပြန်လာသည့် ကားပေါ်မှ လူငယ် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူသေဆုံးမှု မရှိကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ဝင်တိုက်သည့် ယာဉ်မှယာဉ် မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် လူငယ်များသည် ပဲခူးမြိုတွင် ကျင်းပခဲ့သည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်း အနားမှ ပြန်လာသည့် ဘင်ခရာအဖွဲ့မှ လူငယ်များဖြစ်ကြောင်း ဒဏ်ရာရလူငယ်များအား သွားရောက်တွေ့ဆုံခဲ့သည့်  မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“လူငယ်တွေ လက်ပွန်းခြစ်တာ လောက်ပဲ ထိတယ်၊ ဆရာဝန်က ဓာတ်မှန် ရိုက်တော့ ဓာတ်မှန်အဖြေအရ အရိုးကျိုး တာ ဘာညာမရှိဘူး၊ ကံကောင်းစွာပဲ ဒဏ်ရာရတာလောက်ပဲဖြစ်သွားတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် အသက် ၁၄ နှစ်မှ ၂၂ နှစ် အရွယ်ရှိသူများ ဖြစ်ပြီး ဦးခေါင်းထိပ်နာဒဏ်ရာ ပွန်းခြစ် နာကျင်ဒဏ်ရာများရရှိခဲ့ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ကို မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်း နိုင်လင်းထိုက်အား ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ၃၃၇ /၃၃၈ဖြင့် အမှုဖွင့်ထားကြောင်း ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းမှ သိရသည်။

ယဉ်စနိုင်း