တက္ကသိုလ် ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ချန်ပီယံဟောင်း ထားဝယ်တက္ကသိုလ် ဗိုလ်စွဲ

0
1292
ဓာတ်ပုံ - ဦးမျိုးသန်း Fb

တိုင်းဒေသကြီး အစိုးရဖွဲ့ဖလား တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံဘောလုံး ပြိုင်ပွဲတွင် ချန်ပီယံအဟောင်း ထားဝယ် တက္ကသိုလ် ဘောလုံးအသင်းကပင် ထပ်မံဗိုလ်စွဲခဲ့ကြောင်း ထားဝယ်တက္ကသိုလ် ဘောလုံးအသင်း အုပ်ချုပ်သူထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်က ပြုလုပ် ကျင်းပသည့် ဗိုလ်လုပွဲတွင် ထားဝယ်တက္ကသိုလ်အသင်းက နည်းပညာ တက္ကသိုလ်(ထားဝယ်) အသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်သွား ခြင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ဘောလုံးအသင်း အုပ်ချုပ်သူ ဆရာဦးမျိုးသန်းက ပြောသည်။

ယင်းဘောလုံးပြိုင်ပွဲကို ခရိုင်အလိုက် တက္ကသိုလ် ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲတွင် အမှတ်အများဆုံးရသည့် ထားဝယ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ထားဝယ်)၊ နည်းပညာ တက္ကသိုလ်(မြိတ်)၊ မြိတ်တက္ကသိုလ် အသင်းတို့က ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်ကလည်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အမည်ဖြင့် မြိတ်မြို့နယ်တွင် ကျင်းပခဲ့ဖူးပြီး ထိုစဉ်ကလည်း ထားဝယ်တက္ကသိုလ်ကပင် ဗိုလ်စွဲခဲ့ဖူးသည်။

“ပထမကြိမ်မှာ ချန်ပီယံဖြစ်ပြီး အခုဒုတိယအကြိမ်ထပ်ရတာဆိုတော့ အတိုင်းမသိပျော်တာပေါ့”ဟု ဦးမျိုးသန်းက ဆို သည်။

၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သည့် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံပြိုင်ပွဲတွင်မူ ထားဝယ်ပညာရေးကောလိပ် ပါဝင်ခြင်း မရှိခဲ့ပေ။

ယခုနှစ်တွင်ကျင်းပသည့် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်းတွင် ဖေဖော်ဝါရီလ ၂ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး တိုင်းအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်အားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျော်သူစိုး