တိုင်းအတွင်း မိခင်သေဆုံးမှုနှုန်း မြင့်တက်

0
803

တနင်္သာရီတိုင်းအတွင်း မိခင်သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မိခင်သေဆုံးမှုတွင် မိခင်ဟူသည့် စကားရပ်မှာ ကိုယ်ဝန်စဆောင်ချိန်မှ မွေးဖွားပြီး ၄၂ ရက် ကြာကာလအထိ မိခင်များကို ဆိုလိုသည်။

မိခင်သေဆုံးမှုမှာ ၂၀၁၇ ခုနှစ်တွင် ၂၃ ဦးသာရှိရာမှာ ၂၀၁၈ ခုနှစ်တွင် ၃၅ ဦးအထိ မြင့်တက်လာကြောင်း အထက်ပါ ဌာနလက်အောက်ရှိ မိခင်ကလေး၊ ကျောင်းကျန်းမာနှင့် အာဟာရဌာနထံမှ သိရသည်။

မိခင်သေဆုံးမှုတွင် ကိုယ်ဝန်အဆိပ်တက်ခြင်းကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး မွေးဖွားပြီး သွေးသွန်ခြင်းက ဒုတိယ အများဆုံးဖြစ်ကြောင်း မိခင်ကလေး၊ ကျောင်းကျန်းမာနှင့် အာဟာရဌာနတိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာထွေးမြစိုးက ပြောသည်။

၎င်းအပြင် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သေဆုံးမှုများလည်းပါဝင်ကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။

ဝေးလံသည့် ကျေးလက်ဒေသများတွင် မိခင်သေဆုံးမှု အများဆုံးဖြစ်ကာ ခရီးလမ်းအခြေအနေနှင့် ကျန်းမာရေး အသိအားနည်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အရေအတွက်များလာတာက ပိုပြီး သေဆုံးလာတာလား၊ စာရင်းအမှန် ကောက်ခံရရှိလာလို့လားဆိုတာ ပြန်ဆန်း စစ်ရမယ်”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

ကိုယ်ဝန်ဆောင်ချိန်မှ စတင်ကာ မွေးဖွားချိန်အထိ ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများထံတွင် စနစ်တကျ ပြသသင့်ကြောင်း ၎င်းက အကြံပြုသည်။

အထက်ပါ မိခင်သေဆုံးမှုစာရင်းကို ကျန်းမာရေးဝန်ထမ်းများက ကောက်ယူခြင်းဖြစ်ပြီး သေဆုံးပြီး ၂၄ နာရီအတွင်း သတင်းပို့ခြင်း၊ သေဆုံးပြီး ၁၄ ရက်အတွင်း သေဆုံးရသည့် အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ခြင်းများ လုပ်ဆောင်ရကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။

မိခင်သေဆုံးမှု အရေအတွက် ကျဆင်းလာစေရန် ကျန်းမာရေးအသိပညာ ပေးခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုကို လူတိုင်းလက်လှမ်းမီ ရရှိနိုင်စေရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း သားဖွားဆရာမ ၄၀၀ ဦးဝန်းကျင်ရှိပြီး ကျေးလက်ကျန်းမာရေး ဌာန ၅၀ နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၄၂ ခုရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ စာရင်းအရ သိရသည်။

အဆိုပါ မိခင်သေဆုံးမှုအရေအတွက်တွင် ကိုယ်ဝန်ဆောင်များ မိမိ ကိုယ်သတ်သေခြင်း၊ မတော်တဆထိခိုက် ဒဏ်ရာကြောင့် သေဆုံးသည့် အရေအတွက်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

တိုင်းအတွင်း နှစ်အလိုက် မိခင်သေဆုံးမှု အရေအတွက်

ခုနစ် ဦးရေ
၂၀၁၄ ၃၁
၂၀၁၅ ၂၃
၂၀၁၆ ၂၁
၂၀၁၇ ၂၃
၂၀၁၈ ၃၅

၂၀၁၈ ခုနှစ်အတွင်း မြို့နယ်အလိုက် မိခင်သေဆုံးမှုဦးရေ

မြို့နယ် ဦးရေ
မြိတ်
ကျွန်းစု
တနင်္သာရီ
သရက်ချောင်း
ရေဖြူ
ဘုတ်ပြင်း
ထားဝယ်
လောင်းလုံး
ကော့သောင်း
ပုလော

ကိုဇော်