ထားဝယ်ခရိုင်အတွင်း ပျဉ်းကတိုး စိုက်ခင်း ဧကငါးရာကျော် စိုက်မည်

0
732

ထားဝယ်ခရိုင်အတွင်း စီးပွားရေး ပျဉ်းကတိုးစိုက်ခင်းဧက ငါးရာကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မိုးက ပြောသည်။

ထားဝယ်မြို့နယ်ရှိ နွားလပို့သစ်တောကြိုးဝိုင်းတွင် ဧက၂၀၀ ၊ ရေဖြူမြို့နယ် ဟိန္ဇဲ-ကလိန်အောင်ကြိုးဝိုင်းတွင် ဧက ၁၀၀နှင့်  သရက်ချောင်းမြို့နယ်ရှိ  တောင်ပျောက် ကြိုးဝိုင်းတွင် ဧက ၂၀၀ ကို စိုက်ပျိုးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ရေဝေရေလဲ ပျဉ်းကတိုး ဧက ၃၀ ကို ဟိန်္ဇဲ-ကလိန်အောင်ကြိုးဝိုင်းတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း ဦးတင်မိုးက ပြောသည်။

ပျဉ်းကတိုးစိုက်ခင်းများကို သစ်တောကြိုးဝိုင်း ကြိုးပြင် ဧရိယာအတွင်း ဖုန်းဆိုးတောများကို (တန်ဖိုးရှိ အပင်နှင့် အပင်ပေါက် ရောက်မှုနည်း) ရွေးချယ်ကာ စိုက်ပျိုးကြောင်း ၎င်းက ဆိုသည်။

“ဒီလိုနေရာတွေကို ရွေးပြီး မိုးရာသီမှာ စိုက်ပျိုးတာ၊ အခုက ပျိုးထောင်တာတွေ ယာခုတ်တာတွေ လုပ်နေတယ်”ဟု ဦးတင်မိုးက ပြောသည်။

စီးပွားဖြစ် ပျဉ်းကတိုးစိုက်ခင်း ဧရိယာအတွင်း ဒေသတွင်း ရှင်သန်ပေါက်ရောက်ပြီး အသုံးပြုမှုများသည့် သင်္ကန်း အမျိုးအစားသစ်ကို ရေဖြူတွင် ၂ ဧက၊ ထားဝယ်တွင် ၁ ဧကနှင့် သရက်ချောင်း တွင် ၁ ဧက ကြားညှပ်စိုက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သစ်ပင်ပေါက်ရောက်မှုနည်းသည့် နေရာများတွင် ယင်းကဲ့သို့ စိုက်ပျိုးခြင်းမှာ ကောင်းမွန်သည်ဟု ပြောရမည်ဖြစ် ကြောင်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်   ထားဝယ်မိတ် သဟာယအဖွဲ့မှ ဦးဘိုဘိုအောင်က ပြောသည်။

“ဘာပဲပြောပြော မလုပ်တာနဲ့စာရင် ဒီလိုစိုက်နေတာက ကောင်းတယ်လို့ ပြောရမယ်”ဟု ဦးဘိုဘိုအောင်က ဆိုသည်။

စီးပွားရေး ပျဉ်းကတိုးစိုက်ခင်းများကို ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က သရက်ချောင်းတွင် ဧက ၂၀၀၊ ထားဝယ် တွင် ဧက ၂၀၀ နှင့် ရေဖြူတွင် ဧက ၁၀၀ စိုက်ပျိုးခဲ့ကြောင်း ထားဝယ်ခရိုင် သစ်တောဦးစီးဌာနထံမှ သိရသည်။

Dawei Watch