နိုင်ငံတော် အတိုင်ပင်ခံအား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ကြိုးပမ်း

0
2257

တနင်္သာရီတိုင်းအစိုးရအဖွဲ့အား ဆုံးမရန် လာရောက်ခြင်းဖြစ်သည်ဟု မြိတ်ခရီးစဉ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ထားဝယ်မြို့ခံတချို့က ကြိုးပမ်းခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်မြို့ကို ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် “အမေ့အတွက် လက်ဆောင် ထားဝယ်ကြိမ်” စာတမ်းပါ ဆိုင်ဘုတ်ကိုင်ဆောင်ပြီး ထားဝယ်ကြိမ် လုံး ၁၂ လုံးကိုပေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကားပေါ် တွင်ရှိနေအချိန် ပေးရန် အဆင်မပြေသဖြင့် မြို့တော်ခန်းမအတွင်း ပေးရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးအဖွဲ့က ထားဝယ်ကြိမ်လုံး ယူဆောင်ခွင့်မပြုသဖြင့်ပေးခွင့် မရခဲ့ကြောင်း ယင်းကြိမ်လုံပေးရန် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည့် ဦးရာဇာစိုးက ပြောသည်။

“တကယ်ကတော့ ကျကျနနပေးဖို့တောင် စဉ်းစားထားတာ။ ဒါပေမယ့် ပေးခွင့်မရလိုက်ဘူးပေါ့။ အဓိကကတော့ တိုင်းအစိုးရကို ဆုံးမဖို့လာတာလို့ ပြောတဲ့ စကားအပေါ်မှာ မူတည်ပြီး စီစဉ်လိုက်တာ”ဟု ဦးရာဇာစိုးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်တွင် ကြိုဆိုသူများက တိုင်းအစိုးရ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ပေးရေးကိစ္စ၊ မြေယာကိစ္စ၊ ကျပ် ၈ ဘီလျံအကြွေးကိစ္စ၊ လူငယ်ရေးရာ ကိစ္စ  တင်္သာရီတိုင်း NLD ဥက္ကဋ္ဌ ကိစ္စ စသည်ဖြင့် ဆိုင်ဘုတ်ထောင်ကာ ဆန္ဒပြခဲ့ကြသည်။

ကျော်သူစိုး