မွန်တွင် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ပိုရောင်းကောင်း

0
905

မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ထက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များ ရောင်းအားပိုကောင်းနေသည်ဟု ထီအရောင်းကိုယ်စားလှယ်တို့၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ရောင်းချသူ ကိုယ်စားလှယ် ၁၅၀၁ ဦးရှိပြီး ထီအုပ်ရေ ၆၉၂၈၈  ခွဲဝေမှု ရရှိထားကြောင်း သိရသည်။

ကျပ် ၁၀၀၀ တန် ထီလက်မှတ်ရောင်း ချသည့် ကိုယ်စားလှယ် ၉၄၈ ဦးရှိပြီး ထီအုပ်ရေ ၂၃၁၇၆၀ ခွဲဝေမှု ရရှိထားကြောင်း မွန်ပြည်နယ် အခွန်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မြင့်တင်အေးက ပြောသည်။

“ကျပ် ၅၀၀ တန် ထီလက်မှတ်က ဆုအရေအတွက် နည်းသွားတော့ ကျပ် ၁၀၀၀ တန်ထီကို ထိုးတဲ့သူ ပိုများတဲ့ သဘောပါ”ဟု မော်လမြိုင်မြို့ အောက်လမ်းကြီးတွင် ထီရောင်းနေသည့် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ကျပ် ၅၀၀ တန် ထီလက်မှတ်ကို ပင်ရင်းဆိုင်များတွင် တစ်စောင်လျှင် ငွေကျပ် ၆၀၀ ရောင်းချလျက်ရှိပြီး  ကျပ် ၁၀၀၀ တန် ထီလက်မှတ်များကို ပင်ရင်းဆိုင်များတွင် တစ်စောင်လျှင် ကျပ် ၁၀၀၀ သာ ရောင်းချကြောင်း တွန်းလှည်းဖြင့် ရောင်းချသည့် ထီများသာဈေးပိုကြောင်း ထီကိုယ်စားလှယ်တို့က ပြောသည်။

ကျပ် ၅၀၀ တန် ထီလက်မှတ်များကို ငွေကျပ် ၆၀၀ မှ ၇၀၀ထိ ပေါက်ဈေးရှိပြီး ကျပ် ၁၀၀၀ တန် ထီလက်မှတ် တစ်စောင်ကို ငွေကျပ် ၁၀၀၀ မှ ကျပ် ၁၃၀၀ ထိ ပေါက်ဈေးရှိကြောင်း မော်လမြိုင်မြို့ခံ ဦးကျင်စိန်က ပြောသည်။