ဆလုံ နတ်ဆရာအို၏ နေညိုချိန်

0
32

သူသည် ဆလုံတို့၏ ထုံးစံအတိုင်း မိမိအသက် မည်မျှရှိပြီကို မသိပါ။ သူသိသည်က သူနှင့် ရွယ်တူတို့ သေဆုံးကုန်ကြလေပြီ။

တွန့်ရွနေသော သူ့ပါးရေနားရေများကြားရှိ စိုစွတ်စွတ် ရီဝေေ၀ မျက်လုံးများက စူးစူး စိုက်ကြည့်နိုင်ဆဲ။ သူ့နားနှစ်ဖက်ကြားစေ ရန်ကား အတော်ပင် အော်ပြောနေရပြီ။

သူသည် ဆလုံတစ်စု၏ ခေါင်းဆောင်ဖြစ်သည်။ တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတ၀ှမ်း ပြန့်ကျဲနေသော ဆလုံမျိုးနွယ်စုများထဲမှ ဘုတ်ပြင်းမြို့နယ် ခင်ပြည့်စုံကျွန်းနှင့် ဗိုလ်ချိုကျွန်းတစ်ဝိုက်ရှိ ဆလုံတစ်စု၏ ခေါင်းဆောင်။ သူ့အမည်က ကာရှား။ ဆလုံလူမျိုးစု တစ်ခုလုံး၏ နောက်ဆုံးနတ်ဆရာ ဖြစ်လာဖွယ်ရှိသူ နတ်ဆရာအိုကြီး ကာရှား။

ဘ၀၏ အပျော်ရွှင်ရဆုံးအချိန်များက တနှစ်တစ်ခါ နတ်ကသည့် တဒင်္ဂဟု ဖွင့်ဟလေသူ နတ်ဆရာအိုကြီးကာရှားတွင် မသေမီ ပြုလုပ်သွားလိုသည့် အိပ်မက်တစ်ခု ရှိသည်။ ယင်းအိပ်မက်ကား သူ မူလနေထိုင်ခဲ့ရာ ပုလဲကျွန်းတွင် ပြန်ခေါင်းချရန်။

“အသက်ကလည်း ကြီးပြီလေ..၊ ငါနေခဲ့တဲ့ ပုလဲကျွန်းကို ပြန်ပြောင်းချင်ပြီ..”

ပုလဲကျွန်းကား ကာရှား၏မွေးရပ်။ သူ၏ မိဘဘိုးဘွားဆွေမျိုးများ အစဉ်တစ်စိုက်နေထိုင်ခဲ့သည့် ကျွန်း။ ယခု သူနေထိုင်သည့် ဘုတ်ပြင်းမြို့နယ် မကြုံကလက်ရွာ(ဗိုလ်ချိုကျွန်း)မှ မြောက်ဘက်သို့ စက်လှေငယ်ဖြင့် တစ်နေ့ခရီးမျှ ဆန်တက်ရသည့်ကျွန်း။

ကာရှားငယ်စဉ်က ပုလဲကျွန်းတွင် တစ်နေ့စားရန် တစ်နေ့ရှာရင်း မိသားစုအရိပ်၊ လူမျိုးစုအရိပ်တွင် ပူပင်ကင်းစွာ ကြီပြင်းခွင့် ရခဲ့သည်။ သိတတ်စအရွယ်တွင် မိဘများက မြိတ်သားထောင်ကယ်(သူဌေး)ထံတွင် “စားရိပ်ထုတ် ပစ္စည်းပြန်သွင်း” စနစ်ဖြင့် အေးချမ်းစွာ လုပ်ကိုင်ခဲ့သည်။ ပုလဲကျွန်းတစ်ဝိုက် ပင်လယ်တွင် စေတီခရု၊ မျှော့၊ ငါးရှာဖွေ ကျက်စားသည်။ ကျွန်းများပေါ်တွင် ပျား၊ တောဝက် စသည်တို့ကို ရှာဖွေရင်း ကြီးပြင်းခဲ့သည်။ အရွယ်ရလာသောအခါ ကာရှားကလည်းချစ်သည့်၊ မိဘများကလည်း သဘောတူသည့် ဆလုံမလေး မာကြည်ကို တောင်းရမ်းခဲ့သည်။ တင်းတောင်းခဲ့သည့်ပစ္စည်းက ယခု သူဝတ်ဆင်ထားသည့် ငွေလက်ကောက်လေးတစ်ကွင်း။ သူ့ချစ်သူအား တောင်းယူခဲ့စဉ်က သူ့တွင် ရွှေ၊ ငွေတို့ မရှိ။ သို့ကြောင့် ထိုငွေလက်ကောက် လေးဖြင့် တင်တောင်းခဲ့သည်ဟု ဆိုသည်။

သူ့ဘ၀တစ်လျှောက်လုံးတွင် ပင်လယ်ထဲမှ ထူးခြားသည့် အဖိုးတန်ပစ္စည်း ကြီးကြီးမားမား မရခဲ့ဖူးဟု ဆိုသည်။ ထူးထူးခြားခြား စုမိဆောင်းမိသည်လည်း မရှိ။ လှေပြုလုပ်ရန် သစ်မ၀ယ်နိုင်သဖြင့် ရင်ငန်းသားကို လှေလုပ်ကာ ပင်လယ်တွင် ငါးရှာခဲ့ရသည်။ ထိုစဉ်က ဆလုံအမျိုးသားတစ်ဦးတွင် လုံချည် ၁ ထည် အင်္ကျီတထည်၊ ဆလုံအမျိုးသမီတစ်ဦးတွင် လုံချည် ၂ ထည်၊ အင်္ကျီ၂ ထည်ခန့်မျှဖြင့် ဘ၀ကို ဖြတ်သန်းခဲ့ရသည်။ ၂ စုံ ရှိသူက ပင်လယ်တွင် တစ်စုံဝတ်၊ အိမ်တွင် တစ်စုံထား။ သို့သော် မွေးရပ်ပုလဲ ကျွန်းတွင် လွတ်လပ်လုံခြုံ ပျော်ပါးစွာ။

သူ့ဖခင် ဆုံးပါးသောအခါ ဖခင်နတ်ဝိဥာဉ်က သူ့ကို ရွေးချယ်ပူးကပ်ရာမှ သူ နတ်ဆရာ ဖြစ်လာသည်။ နတ်ဆရာဖြစ်လာသည်နှင့် ဆလုံတို့ထုံးစံအတိုင်း သူက ယင်းဒေသတစ်ဝိုက်၏ ဆလုံခေါင်းဆောင် ဖြစ်လာသည်။ ငါးဖမ်းရာသီကုန်(ဖေဖော်ဝါရီနှင့် မတ်လ ကြား)တိုင်း နတ်ကကြသည်။ ဘိုးဘေးနတ်များကို ပင့်ဖိတ်ပူဇော်ကြသည်။  အိုးခွက်တို့ကို ဗုံလုပ်တီးကာ တပျော်တစ်ပါး ကခုန်ကြသည်။ ပုလဲကျွန်း(ဆလုံအခေါ် ဂျာအိ)တ၀ိုက်ကား သူတို့ဆလုံများအတွက် နတ်ပဒေသာပင်များရှိသည့် နိဗ္ဗာန်ဘုံ။

နောက်တွင် ပုလဲကျွန်းသို့ သူတို့နှင့် မရင်းနှီးသော လူစိမ်းများ အလုံးအရင်းဖြင့် ၀င်ရောက်ခြေကုတ်ယူလာကြခြင်းက သူတို့ နိဗ္ဗာန်ဘုံအား စွန့်ခွာရတော့မည့် အခင်းအကျင်း ဖြစ်လာသည်။ ပုလဲကျွန်းတွင် လူစိမ်းတို့ တစစ များပြားလာသည်။ အဓိက ပုလဲမွေးကြသည်။ ပထမတွင် ဆလုံနေမြဲ၊ ဗမာနေမြဲ။ နေရင်း ဆလုံတို့ အခြေမပျက်သေး။ ဆလုံအချို့က မုတ်ကောင်ငုပ် လုပ်သားအဖြစ် ၀င်လုပ်ကြသည်။

မွေးရပ်မြေ ပုလဲကျွန်းက ထွက်ခွာလာကြသည်မှာ အတင်းအဓမ္မ နှင်ထုတ်ခံရခြင်းတော့မဟုတ်။ သို့သော် ထိုကျွန်းတွင် ကာရှား တို့ ဆလုံများ ဆက်နေထိုင်ရန် မဖြစ်နိုင်တော့သော အခင်းအကျင်းများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာ လောဘနည်း ၍ လူစိမ်းကြောက်သော ဆလုံများအား သူခိုး ယိုးစွပ်ခြင်း ဖြစ်သည်။ မွေးထားသော မုတ်ကောင်များကို သူခိုးတို့ ခိုးကြသည်။ ခိုးသူတို့က ဆလုံတို့လက်စွဲ ငါးထိုးမှိန်းတံကို အသုံးပြု ခိုးယူကြသည်။ မုတ်ကောင်ခြင်းများကို မှိန်းတံဖြင့် ချိတ်ယူကြရာ အချို့ မှိန်းတံများ မုတ်ကောင်ခြင်းတွင် ညှိကျန်ခဲ့သည်။

ထိုမှိန်းတံများကို ပုလဲမွေးသူတို့တွေ့သောအခါ..၊ “သူခိုးဆလုံ” ဟု စွပ်စွဲက ဆလုံတို့အား ရိုက်နှက်ညှင်းပန်းကြသည်။ ထိုသို့ သူခိုးယိုးစွပ်ရိုက်နှက်နှိပ်စက်ခံရခြင်းက တစ်ကြိမ် နှစ်ကြိမ်မဟုတ်။ ကြာသော် မခံနိုင်တော့။ မွေးရပ်ကို မခွာလိုသော်လည်း ဥပဒေ နားမလည်သော လူနည်းစု ဆလုံတို့ ဆုံးဖြတ်ကြရတော့သည်။

“ဗမာတွေနဲ့ ဝေးရာ ငါတို့ ပြောင်းကြစို့..”

ပုလဲကျွန်းကို စွန့်ခွာလာခဲ့ရသည့် ကာရှားတို့ ဆလုံတစ်စုက တောင်ဖက်သို့ စုန်ဆင်းခဲ့ပြီး ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် တစ်ဝိုက်ကျွန်းများတွင် ပြောင်းရွှေ့နေထိုင် ကျက်စားကြသည်။ လူတို့ ခြေရာလက်ရာတွေ့သော အချို့ကျွန်းများသို့ သူတို့ မကပ်ရဲ။ အချို့ကျွန်းများတွင် မိမိတို့လူမျိုးစုများနှင့် တွေ့ရှိက အတူတူ နေထိုင်ကြသည်။

“အဆင်ပြေတဲ့ရွာမှာ နေမယ်၊ အဆင်မပြေရင် ပြောင်းမယ်ပေါ့၊ အရင်ခတ်က ဗမာနည်းတယ်လေ၊ ပင်လယ်ပစ္စည်းတွေ တအား များတယ်၊ ခုက ဗမာများတယ်၊ ဗမာများတော့ ပင်လယ်ပစ္စည်းတွေ ကုန်ပြီ..” ဟု ကာရှားက ဆိုသည်။

နေရာတစ်ခုတွင် အတည်တကျ တာရှည်နေထိုင်ခွင့် မရခဲ့။ ကာရှားတို့က ဓားပြဟု ခေါ်တွင်သူတို့၏ လုယက်နှိပ်စက်မှုများ ကြောင့် တောင်ဖက်သို့ ဆက်လက်စုန်ဆင်း အသိုက်ပြောင်းခဲ့ကြရပြန်သည်။

(၁၉၉၉ ခုနှစ်ခန့်မှစ) ယခု ကာရှားတို့ အခြေချနေထိုင်သည့် မကြုံကလက်သို့ ရောက်လာချိန်တွင် ဤကျွန်းတွင် မူရင်းဆလုံအိမ် အနည်းငယ်မှအပ ဗမာအပါအ၀င် အခြားလူမျိုးတို့အိမ် တစ်အိမ်မျှ မရှိသေး။

“ခုတော့ မကြုံကလက်မှာလည်း ဗမာတွေများလာတော့ စိတ်ထဲတစ်မျိုးပဲ။ ပြောင်းဖို့လည်း နေရာမရှိတော့ပြီလေ” ဟု ကာရှားက ပြောသည်။

(မှတ်ချက်။    ။ ကာရှားပြောသည့် ဗမာဟူသည့် အသုံးသည် ဆလုံမဟုတ်သည့် အခြားလူမျိုးများကို ဆိုလိုခြင်း ဖြစ်သည်။ ဆလုံကျွန်းများတွင် ဗမာအပါအ၀င် အခြားတိုင်းရင်းသားများလည်း လာရောက် အခြေချ နေထိုင်လျက်ရှိသည်။)

ကြားထဲတွင် ကာရှား၌ သား ၂ ဦး၊ သမီး ၅ ဦး ထွန်းကားခဲ့သည်။ သူ၏ သားသမီး မြေးများ ဆလုံမဟုတ်သူများနှင့် အိမ်ထောင် ပြုမည်ကို ကာရှားက မလိုလား မနှစ်သက်ပေ။ သို့သော် သူတားနိုင်မည်မဟုတ်။ အတင်းအကြပ် တားမြစ်လိမ့်မည်လည်း မဟုတ်။

“ကိုယ့်စိတ်နဲ့ သမီးတွေ၊ မြေးတွေစိတ်နဲ့က မတူဘူးလေ၊ သူယူရင် ကိုယ်ပြောလို့မရဘူးပေါ့..”

သူ့လူမျိုး ဆလုံအမျိုးသမီးများ လူမျိုးခြားနှင့် အိမ်ထောင်ကျပြီး အခိုင်းအစေကဲ့သို့ ဆက်ဆံရမည်ကို သူ စိုးရွံ့သည်။

“ခု ကြည့်ပါလား၊ အခြားအမျိုးသားနဲ့ အိမ်ထောင်ကျတဲ့ မော်ကင်း(ဆလုံ)အမျိုးသမီးတွေက လှေလှော်နေရတယ်။ လင်က အိမ်မှာ ထိုင်နေတယ်”

ပြောရင်း ကာရှားက လှေလှော်ဟန် လုပ်ပြသည်။

ဆလုံယောင်္ကျားများက အလုပ်လုပ်ကြပြီး လူမျိုးခြား အမျိုးသမီးများက ထိုင်စားကြသည်မျိုးလည်း မနှစ်သက်ဟု သူက ဆိုသည်။

သူ့ချစ်သူ မာကြည်သည်လည်း ဆုံးရှာပြီ။ သူပိုင်ပစ္စည်းတစ်ဝက်ကို ခွဲပေးကာ သူ့အိမ်နောက်တွင် မြုပ်နှံသင်္ဂြိုဟ်ထားသည်။ သူတင်တောင်းခဲ့ဖူးသည့် ငွေလက်ကောက်လေးကိုမူ သူ၏ ကြေးနီရောင်ထနေသော လက်ကြမ်းကြီးတွင် ၀တ်ဆင်ထားသည်။ သူ့အိမ်ပတ်လည်တွင် မိသားစုအိမ်များ၊ ဆွေမျိုးစုအိမ်များဖြင့် တစည်းတစ်လုံးဖြင့် သိုက်သိုက်ဝန်းဝန်း။

သူကား ခုထိ ပင်လယ်သို့ ထွက်နေဆဲ။ သူ့သားသမီးများနှင့်အတူ ပင်လယ်သို့ထွက်သည်။ လှေငယ်လေးများကို သူ၏ ကိုယ်ပိုင် စက်လှေဖြင့် တွဲသွားကာ လုပ်ကွက်သို့ရောက်လျှင် သားသမီးများက လျှေငယ်ကိုယ်စီဖြင့် ငါးရှာ၊ မျှော့၊ စေတီခရုရှာ၊ ကင်းမွန် မျှား ထွက်ကြလျှင် သူက လှေစောင့်သည်။ ဆေးတံကြီးကို တရှိုက်မက်မက် ဖွာရင်း ညနေစောင်းတွင် သူ့လှေဆီ ပြန်ရောက် လာတော့မည့် သားသမီးတို့၏ လှေငယ်လေးများကို မျှော်သည်။ ၄ ရက် ၅ ရက်ခန့်မှ ၁၀ ရက်ခန့်ထိကြာပြီးနောက် ရိက္ခာ ကုန်လျှင်(သို့) ၀မ်းစာစိုလျှင် အိမ်ပြန်ကြမည်။ ရသမျှကို ဈေးကောင်းသည့် ဒိုင်တွင် ရောင်းမည်။ ကာရှားတွင် ထောင်ကယ် (ငွေကြိုထုတ်ပေးထားသော လုပ်ငန်းရှင်သူဌေး)မရှိ။ စိတ်ကြိုက်ဒိုင်တွင် ရောင်းနိုင်သည်။

ကာရှားနေထိုင်သည့် ခါးစောင်းသာသာအမြင့်ရှိ အိမ်အောက်နှင့် အိမ်ပတ်လည်တွင် ဆလုံလှေငယ်နှင့် ငါးဖမ်းကိရိယာများ စုံစီနဖာ။ တိုးလိုးတွဲလောင်း။ လှေနားချိန်တွင် သူ့စားသောက်ရန်အတွက်မူ သူ၏ မြေးမလေးများက သူ့အိမ်ပေါ်တွင် လာရောက် ချက်ပြုတ်ပေးကြသည်။ ကာရှားအိမ်ပေါ်တွင် နတ်စင်တစ်ခုရှိပြီး နတ်စင်ပေါ်တွင် နတ်ရုပ်ငယ်များ၊ အ၀တ်အထည်များလည်း တွေ့ရသည်။ ကာရှားကား အိမ်တွင် နေစဉ် ပျင်းပျင်းရှိက ဆေးတံဖွာမည်။ အိမ်ရှေ့ကမ်းခြေတွင်ဆိုက်ထားသော သူ့လှေနှင့် လှေငယ်လေး များကို ငေးမည်။ သူတို့လူမျိုးစု၏ ပင်လယ်တွင် ကျင်လည်ခဲ့သော ဆလုံမူရင်းလှေပုံစံငယ်လေးများ ပြုလုပ်မည်။

ဗမာဧည့်သည်များ လာရောက်သည်ကို သူ စိတ်မညစ်ပါ။ ဗမာတို့ အုပ်ချုပ်သည်ကိုလည်း စိတ်မကွက်ပါ။ သို့သော် ဗမာများနှင့် စီပွားရေးအတူ မလုပ်ချင်ဟု ကာရှားက ဆိုသည်။ သူ၏ညီနှင့် အတော်ပင်ရင်းနှီးသည့် ဗမာတစ်စုက သူ့ညီအား အနိုင်ကျင့်၊ လုယက် ဓါးပြတိုက်ခြင်းမျိုး ကျူးလွန်ခဲ့ဖူးကြောင်း ကာရှားက ဆိုသည်။

“သူငယ်ချင်းအချင်း၊ သူငယ်ချင်းဖြစ်ပြီးတောင် ပြန်တိုက်တယ်၊ ဒါကြောင့် မကြိုက်ဘူး။ စီးပွားရေး အတူလုပ်ရင် စိတ်မချရဘူး”

သူသည် မကြုံကလက်ရှိ ဗုဒ္ဓဆရာတော်အား ကိုးကွယ်သည်ဟု ဆိုသည်။ သို့သော် ရှိခိုးခြင်းကား မပြု။ သူနှင့် ဆရာတော်မှာ အတူတူ(ဘာသာရေးခေါင်းဆောင်ချင်း တန်းတူ)ဖြစ်၍ ရှိခိုးစရာမလိုဟု သူခံယူသည်။

ဆလုံတို့သည် ကျွန်းများတွင် ပြန့်ကျဲနေထိုင်ကြရာ ကျွန်းတစ်ခုနှင့်တစ်ခု နတ်မတူပေ။ မကြုံကလက်(ဗိုလ်ချို)နှင့် လငန်း (ခင်ပြည့်စုံ)ကျွန်းတို့ကို နတ်ဆရာကာရှားက အပိုင်စားရပြီး ကျန်ကျွန်းများတွင် မည်သို့ရှိသည်ကို ကာရှား လက်လှမ်းမမီပါ။ (အခြားကျွန်းများတွင် နတ်ဆရာများ မရှိတော့ပါ။ အချို့ကျွန်များမှ ဆလုံလူကြီးသူမများက သူတို့နတ် သေပြီဟု ဆိုကြပြီး မကြုံကလက်ရှိ ကာရှားကိုတော့ သိကြောင်း၊ ကြားဖူးကြောင်း ဆိုကြသည်။)

လုပ်ငန်းလည်း အဆင်ပြေရန်၊ ဖိုးဘွားနတ်တို့ စောင်မမှုဖြင့် အသက်ရှင်နေထိုင်နိုင်ရန် နတ်ပူဇော်ကြခြင်း ဖြစ်သည်။

ဆလုံနတ်ကွန်းတွင် လေယာဉ်ပျံအရုပ်များ ထားပေးထားပြီး ယင်းအရုပ်များက ဆလုံနတ်များက ဆလုံများရှိရာနေရာတိုင်းသို့ တိုင်းခန်းလှည့်လည်ရန်အတွက်ဟု ကာရှားက ဆိုသည်။ မြွေရုပ်များမှာ ဆလုံတစ်ဦး တောထဲသွားရင်း မြွေကိုက်သေသဖြင့် သူ့အတွက် မြွေရုပ်လုပ်ပေးရန် နတ်ဝင်ကာပြောသဖြင့် ပြုလုပ်ပေးထားကြောင်း။ လိပ်ပူဇော်ရခြင်းမှာ လိပ်မှာ ပေါ၍ အသားက ရှားသဖြင့် နတ်ပွဲလာဧည့်သည်များအား လိပ်သားဟင်းဖြင့် ကျွေးမွေးခြင်း၊ လိပ်ခေါင်းကို နတ်တင်ခြင်း ပြုလုပ်ရာမှ ဓလေ့ ထုံးတမ်းတစ်ခု ဖြစ်သွားခဲ့သည်။ ပျားမဲပူဇော်ရခြင်းမှာ တောထဲသွားသည့်ဆလုံတစ်ဦး ပျားမဲစား၍ သေဆုံးရာမှ နတ်ဝင်ကာ ပျားမဲကျွေးရန် တောင်းဆိုသောကြောင့်ဟု ဆိုသည်။

နောက်မျိုးဆက်များအား ယင်းနတ်ပူဇော်သည့်အလေ့အထ အမွေပေးခဲ့ရန် အခက်တွေ့နေသည်က သီးခြားသင်ပေးရန် မဖြစ်နိုင် ခြင်း၊ ယခုခေတ်ဆလုံမျိုးဆက်များမှာ ပညာရပ်ကို မဆည်းပူးလိုခြင်းမှာ အဓိကကျပြီး နတ်သည်လည်း မည်သူ့ကို ရွေးချယ်မည် ကို မသိကြောင်း ကာရှားက ပြောသည်။ သူမရှိသည့်နောက်အတွက် မည်သူက ခေါင်းဆောင်ဖြစ်လာမည်ကို သူမခန့်မှန်းနိုင်ပေ။ သူ့တွင် သတ်မှတ်ခွင့် မရှိပေ။ အကယ်၍ သူသတ်မှတ်ခဲ့ပါက ဘက်လိုက်ခြင်းသာဖြစ်ပြီး ယင်းသတ်မှတ် ခဲ့သူနှင့် ဆလုံမျိုးနွယ်စု ကြား မသင့်မမြတ်ဖြစ်မည်ကို သူမလိုလားပေ။ အကယ်၍ သူသေဆုံးပြီး ခေတ်အခြေအနေအရ သူ့ကို အားကိုးအမှတ်ရသူ မရှိတော့ပါက နတ်ဆရာ မပေါ်လာနိုင်တော့ဟု သူက ဆိုသည်။

“ငါသေလို့ ငါ့ကို ဂရုမစိုက်တော့ဘူးဆိုရင် နတ် ပြန်မ၀င်တော့ဘူးပေါ့၊ လူငယ်တွေရဲ့ သဘောပဲလေ”

ယခင်က နေမကောင်းဖြစ်ပါက ဆေးမထိုး၊ ဆေးမစားပါ။ ထိုးစရာ ဆေးဆရာ၊ စားစရာဆေးတို့ ဆေးတို့ မရှိပါ။ သူ၏ နတ်ဘုရားတွင် ဆုတောင်း၏။

“ကျွန်ပ် လူကောင်းတစ်ယောက် ဖြစ်တယ်၊ လူကောင်းဖြစ်၍ ပြန်ထနိုင်စေ၊ လူကောင်းမဟုတ်က သေ” ဟု သစ္စာဆို ဆုတောင်း ကြောင်း ကာရှားက ဆုတောင်းပုံကို လက်အုပ်ချီဟန်ဖြင့် လုပ်ပြသည်။

သူ လူကောင်းဖြစ်၍ ပြန်ထနိုင်ခဲ့သည်ချည်းသာ။ ကျန်ဆွေမျိုးသားချင်းများကိုလည်း သူ၏နတ်တွင် တောင်းပန်ကာ ဆေးကုပေးသည်။

“ဒီမှာ အရင်က ဆရာဝန်မရှိဘူး၊ နေမကောင်းဖြစ်ရင် သူ့(ကားရှား)နတ် အရင်ခေါ်တယ်၊ သူ မကုနိုင်ရင် သေပေါ့” မကြုံကလက်ရွာသူ ဆလုံအမျိုးသမီး ဒေါ်မာလိက ပြောသည်။

ယခုအချိန်တွင်လည်း နေမကောင်းဖြစ်က ခေတ်ပေါ်ဆေးဝါးများနှင့် ကုသကာ မသက်သာပါက နတ်ဆရာကာရှား၏ ကုသမှုကို ခံယူကာ ပျောက်ကင်းသွားသည်မျိုးလည်း ရှိသေးကြောင်း ဒေါ်မာလိက ပြောသည်။

ဆလုံလူငယ်တစ်ဦးဖြစ်သည့် ကိုရေအေးကတော့ လက်ရှိတွင် အခက်အခဲရှိ၍ တစ်စုံတရာတိုင်ပင်လိုပါက ကာရှား၏တပည့် နတ်သမီးများ(နတ်ဝင်သည့် ဆလုံအမျိုးသမီးကြီးများ)အား တိုင်ပင်ကြောင်း ပြောသည်။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆောင်ပုဒ်ကိုင်စွဲကာ ကျွန်းများတွင် လှည့်ပတ်နေထိုင်ခဲ့သော နတ်ဆရာ ကာရှားနှင့် ဆလုံ မျိုးနွယ်စုများထဲမှ အချို့က “နိုင်ငံမပြောင်း သူကောင်းမဖြစ်” ခံယူကာ ထိုင်းနိုင်ငံဘက်ထွက်ခွာသွားကြသည်ကို ကာရှား သိနေသည်။ ထိုင်းဘက်ပြောင်းလျှင် ထိုင်းနိုင်ငံမှ နေစရာနေရာ၊ လုပ်ကိုင်စရာအခွင့်အလမ်း၊ ၀တ်စရာအ၀တ်အထည်များ ထောက်ပံ့ပေးမည်ကိုလည်း ကာရှား သိနေသည်။

သို့သော် သူက ဤနိုင်ငံမှ ပြောင်းရွှေ့မည်မဟုတ်ဟု ဆိုသည်။ ယခု သူနေထိုင်ရာနိုင်ငံသည် ဘိုးဘွားတို့ နေထိုင်ခဲ့သော အရပ်ဖြစ်ပြီး ဖိုးဘွားမိဘတို့ကလည်း ဤနိုင်ငံမှ မစွန့်ခွာသွားရန် မှာကြားခဲ့ကြောင်း ကာရှားက ဆိုသည်။

“အဖိုးအဖွားက မှာခဲ့တယ်၊ မှတ်ထား၊ ဒီရွာ ဒီမြေက နင် မပြောင်းနဲ့။ နင် သေလည်း ဒီမှာပဲမြှုပ်မယ်၊ နင်မသေလည်း ဒီမှာပဲနေ၊ တခြားနေရာကို မပြောင်းနဲ့ မှာခဲ့တယ်။ ဒါကြောင့် ဒီ(နိုင်ငံ)မှာပဲ နေတာ” ဟု ကာရှားက ပြောသည်။

မြန်မာနိုင်ငံသား  ကာရှားဘ၀တစ်သက်တာတွင် ပင်လယ်တစ်လျှောက် ထားဝယ်ဘက်ရောက်ခြင်း၊ မြိတ်သို့ လက်ခတ် လှေငယ်ဖြင့် ပင်လယ်ထွက်ပစ္စည်းများ သွားရောက် ရောင်းချခြင်းမှအပ မြို့ကြီးပြကြီးများသို့ မရောက်ဖူး။ ရောက်ဖူးရန်လည်း ကာရှား မမျှော်လင့်ပါ။

သို့သော် သူ့တွင် ကြီးစွာသော အာသီသ တစ်ခု ရှိပါသည်။ ယင်းက မွေးရပ်ပြန်ကာ ခေါင်းချလိုခြင်း ဖြစ်ပါသည်။

ကာရှားပြန်လိုသည့် ပုလဲကျွန်း၏ လက်ရှိအခြေအနေကိုကား ကာရှားမသိ။ ပုလဲမွေးမြူရေး လုပ်နေဆဲဖြစ်ပြီး သာမန် အရပ်သား တို့ ယင်းကျွန်းသို့ ကပ်ခွင့်မရတော့သည်ကို ကားရှားမသိ။

ကာရှားသိသည်ကား သူ့ဘ၀ နေညိုပြီ။ သူချစ်သော မွေးရပ်ကျွန်းသို့ သူမသေမီ ပြန်လိုသည်။

အကယ်၍ ‘တင်မိုး’၏ အောက်ဖော်ပြပါ “ဧည့်သည်ကြီး” ကဗျာကို ကာရှားသာ အလွတ်ရနေခဲ့လျှင် တွန့်ရွနေပြီဖြစ်သော နှုတ်ခမ်းတို့ဖြင့် အကြိမ်ကြိမ် ရွတ်ဆိုနေမည် ထင်ပါသည်။

ဆေးလိပ်လည်းတို

နေလည်းညိုပြီ

ငါ့ကို ပြန်ပို့ကြပါလေ။     ။

 

မင်းခန့်/ Dawei Watch