ဂက်စ်ဖိုးအကြွေးနှင့် ကွက်လပ်စာချုပ်အပါအ၀င် ထားဝယ်လျှပ်စစ်ကိစ္စ လွှတ်တော်ကော်မတီ တွေ့ဆုံမေးမြန်းမှု ဘာအဖြေရသလဲ

0
498

ထားဝယ်ခရိုင် လျှပ်စစ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီက တနင်္သာရီတိုင်းဒေသကြီး အစိုးရ၀န်ကြီးနှင့် လျှပ်စစ်ဌာနတို့အား တိုင်းလွှတ်တော် အစည်းအဝေးခန်းမတွင် တွေ့ဆုံမေးမြန်းခဲ့သည်။

တွေ့ဆုံပွဲတွင် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသော GGS ကုမ္ပဏီမှ ပြည်ထောင်စု သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးအကြွေးကျန် ၈ ဘီလီယံကိစ္စ၊ GGS ကုမ္ပဏီမှ တိုင်းအစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်တွင် ကွက်လပ်များ ပါဝင်နေသည့်ကိစ္စ၊ GGS ကုမ္ပဏီမှ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှု ရပ်ဆိုင်းပါက မည်သို့ ဆောင်ရွက်မည့်ကိစ္စ၊ လျှပ်စစ်ယူနစ်ကြေးကိစ်္စ စသည်တို့ကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။

ဇန်န၀ါရီလ ၁၀ ရက်တွင် ပြုလုပ်သည့် ယင်းတွေ့ဆုံ မေးမြန်းပွဲသို့ လွှတ်တော်ဘက်မှ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အထက်ပါ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက် ခဲ့ပြီး တိုင်းအစိုးရဘက်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

ဂက်စ်ဖိုးအကြွေးကိစ္စ

ဂက်စ်ဖိုး အကြွေးကျန် ၈ ဘီလီယံကိစ်္စတွင် တိုင်း အစိုးရအဖွဲ့က GGS ထံ အကြွေးပေးသွင်းရန် စာ ၁၈ ကြိမ် ပေးပို့ထားခဲ့ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုက ကိုင် တွယ်ဖြေရှင်းနေသည်ဟု အစိုးရဘက်မှ တိုင်းလွှတ်တော် တွင် ရှင်းလင်းခဲ့သည်ဟု  ၀န်ကြီးဦးကြည်လှိုင်က ပြော သည်။

“ခု ဖြစ်နေတဲ့ကိစ္စက ပြည်ထောင်စုနဲ့ ဖြစ်နေတဲ့ကိစ်္စ ပါ”ဟု ဦးကြည်လှိုင်က ပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် သဘောထားမှတ်ချက်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောထားမှတ်ချက်၊ ပြည် ထောင်စုရှေ့နေချုပ်၏ သဘောထားမှတ်ချက်များနှင့် အတူ သမ်္မတရုံးကို တင်မည်ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ပြောထားသည့် အတွက် လက်ရှိတွင် ပြည်ထောင်စုက ကိုင်တွယ်ဖြေရှင်းနေသည်ဟု အစိုးရ ဘက်မှ  ပြန်လည်ဖြေဆိုခဲ့ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

 

ကွက်လပ်စာချုပ်ကိစ္စ

လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်တွင် ကွက်လပ်များ ပါဝင်နေသည်မှာ စာချုပ်ကို သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ထုတ်ပြန်စဉ်က စာချုပ်မှာ အကြမ်းသာ ရှိသေးပြီး ၎င်းင်းစာချုပ်အကြမ်းကို မီဒီယာများက ဓာတ်ပုံရိုက်သွားကာ လိုင်းပေါ် တင်လိုက်ခြင်း ဖြစ်ကြောင်း အစိုးရဘက်မှ ရှင်းလင်းခဲ့သည်ဟု ၀န်ကြီးဦးကြည်လှိုင်က ပြောသည်။

GGS ကုမ္ပဏီနှင့် တိုင်းအစိုးရချုပ်ဆိုသည့် လျှပ်စစ် ထုတ်လုပ်ရေးစာချုပ်ကို ၂၀၁၇ ဇူလိုင်လတွင် တိုင်းအစိုးရ အဖွဲ့က ကျင်းပသော ထားဝယ်ခရိုင်လျှပ်စစ်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က မီဒီယာများအား ပေးကာ ဓါတ်ပုံရိုက်ခွင့်ပြုခဲ့သည်။

“လျှပ်စစ်လိုအပ်ချက်အရ၊ စက်လုံးရေ တင်သွင်းမှု အရ (စာချုပ်ရဲ့)အချို့နေရာတွေမှာ ကွက်လပ်တွေ ချန် ထားခဲ့ရတာ ရှိတယ်။ ခုတော့ ကွက်လပ်တွေ ပြန်ဖြည့်ပြီး ပါပြီ၊ တည်ငြိမ်ပြီဆိုမှ ပြန်ဖြည့်ရတာပါ”ဟု ဦးကြည်လှိုင် က ပြောသည်။

စာချုပ်အချောအား လွှတ်တော်ကလိုလျှင် ပေးမည် ဟု လွှတ်တော်တွင် အစိုးရဘက်က ဖြေဆိုခဲ့သည့်အတွက် စာချုပ်အချောအား တရားဝင်စာဖြင့် တောင်းမည်ဖြစ် ကြောင်း တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဦးကြည်စိုးက ပြောသည်။

တိုင်းအစိုးရတာဝန်ရှိသူများနှင့် ကုမ္ပဏီ တာဝန်ရှိသူ များ နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးထား ပြီးသော ထိုစာချုပ်တွင် ကွက်လပ်များ ပါဝင်နေသည်။

 

GGS ရပ်မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားလဲ

လက်ရှိ မီးပေးနေသည့် GGS ကုမ္ပဏီမှ ဂက်စ်ဖိုး မပေးချေနိုင်ဘဲ လုပ်ငန်းကို တစ်ပိုင်းတစ်စဖြင့် ရပ်ဆိုင်း သွားမည့်အခြေ အနေမျိုး ဖြစ်လာခဲ့ပါက ပထမအစီအစဉ် အဖြစ် ထားဝယ်ခရိုင်အတွင်း အရန်သင့်ရှိနေသော ဒီဇယ်အင်ဂျင် ၁၂ လုံးဖြင့် မီးပေးရန် ကြိုတင်စီစဉ်ထား သည်ဟု တိုင်းအစိုးရဘက်မှ ဖြေဆိုသွားကြောင်း ဦးကြည်စိုးက ပြောသည်။

“(ထုတ်လုပ်/ဖြန့်ဖြူး)တင်ဒါခေါ်ယူ ပြီးစီးပြီး နောက်ကုမ္ပဏီတစ်ခုကို လုပ်ငန်း ဆောင်ရွက်ပြီးစီးတဲ့အထိ ကြားကာလမှာ တာဝန်ယူ ဖြေရှင်းနိုင်အောင်ဆိုပြီး A Plan ဆိုပြီး သတ်မှတ်လျာထားတယ်တဲ့”ဦးကြည်စိုးက ပြန်ပြောပြသည်။

B Plan(ဒုတိယအစီအစဉ်)လည်းရှိပြီး ၎င်းင်းအစီ အစဉ်ကိုမူ လွှတ်တော်တွင် မပြောသင့်သည့်ကိစ္စ ဖြစ်သည့်အတွက် မပြောသေးဟုဆိုသဖြင့် လွှတ်တော် ကိုယ်စားလှယ်များကလည်း ထပ်မမေးတော့ဟု ၎င်း က ပြောသည်။

အစိုးရဌာနမှ ရှောင်တခင် တာဝန်ယူရမည်ဆိုပါက လျှပ်စစ်ဖြန့်ဖြူးရေးဝန်ထမ်းအင်အားကို အခြားမြို့နယ်  လျှပ်စစ်ဌာန ၀န်ထမ်းများအား ထားဝယ်သို့ ယာယီ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နိုင်စေရန် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနနှင့်ကြိုတင်ဆွေးနွေးမှုများ လုပ်ဆောင် နေကြောင်း ၀န်ကြီးဦးကြည်လှိုင်က ပြောသည်။

မီတာခ မတိုးကောက်ရေး

GGS ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်မြတ်က ပြည်ထောင်စုသို့ ဂက်စ်ဖိုးအပြည့်ပေး သွင်းရမည်ဆိုပါက ယူနစ်ဈေး ၃၅၀ ကျပ်အထိ တက်လျှင်တက်၊ မတက်လျှင် မီးစက်ရပ်ရမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ကုမ္ပဏီဘက်မှ လုပ်ငန်းရပ်ဆိုင်း သွားပါက ကုမ္ပဏီ နေရာတွင် တိုင်းအစိုးရအဖွဲ့က ကြားဝင်တာဝန်ယူပြီး ဂက်စ်ဖြင့် ဓာတ်အားထုတ်လုပ်ဖြန်ဖြူးသည့်တာဝန်ကို  ယူပေးဖို့ သင့်ကြောင်း အကြံပြုခဲ့သည်ဟု ဦးကြည်စိုးက ပြောသည်။

“ဓာတ်အားခကို ဒီထက်မတိုးဘဲ ဈေးနှုန်းချိုသာစွာနဲ့ ရရှိဖို့အတွက် တိုင်းအစိုးရ အဖွဲ့ကနေ ၀င်ပြီးတာဝန်ယူပေး ဖို့ကို ကျွန်တော်တို့ ပြောပြလိုက်ပါတယ်”ဟု ဦးကြည်စိုး က ပြောသည်။

ယင်းသို့ဆောင်ရွက်ပါက ဓာတ်ငွေ့ဖိုး အားလည်း လျှော့ဈေးဖြင့်ရရန် တိုင်းအစိုးရက ပြည်ထောင်စုတွင်     ညှိနှိုင်းနိုင်သည့်အခွင့်အလမ်းများ ပေါ်လာနိုင်သည်    ဟူသော ပြည်သူလူထု၏ အကြံပြုချက်များကို တိုင်း အစိုးရအား ပြောပြအကြံပြုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြည်သူလူထု၏ အကြံပြုချက်များအတွက် ကျေးဇူးတင်ပါသော်လည်း ဂက်စ်မီးစက်များမှာ အစိုးရပိုင် မဟုတ် ခြင်းနှင့်အခြားဖြေရှင်းရမည့်ပြဿနာများစွာလည်း ရှိနေသေးသည့်အတွက် GGS ကုမ္ပဏီမှ လုပ်ငန်းကို ရပ်ဆိုင်းသွားမည့်အခြေအနေမျိုး ဖြစ်လာခဲ့ပါက ဒီဇယ် အင်ဂျင်များဖြင့် မီးပေးသွားမည့်အစီအစဉ်ကိုသာ ပထမ အစီအစဉ်အဖြစ် သတ်မှတ်ထားကြောင်း ၀န်ကြီး ဦးကြည်လှိုင်က ပြောသည်။

 

           Dawei Watch