ဒေသခံများအား အလုပ်အကိုင်ပေးနိုင်မှ မြန်မာတာဆာကီကုမ္ပဏီကို ပုလဲမွေးမြူရေး ဆက်လုပ်ခွင့် ပြုမည်

0
478

မြန်မာတာဆာကီကုမ္ပဏီ၏ ပုလဲ မွေးမြူရေးလုပ်ငန်းတွင် လငန်းကျွန်းမှ ဆလုံတိုင်းရင်းသားများနှင့် ဒေသခံရေ လုပ်သားများ၏ အလုပ်အကိုင်အခွင့် လမ်းများ ဖန်တီးပေးနိုင်မှသာ ဆက်လုပ် ခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်း သား လူမျိုးရေးရာဝန်ကြီး စောလုကာက ပြောသည်။

မြန်မာတာဆာကီ ကုမ္ပဏီ (Myan-mar Tasaki Co., Ltd)  ပုလဲမွေးမြူရေး လုပ်ငန်း တိုးချဲ့လုပ်ကိုင်မှုကြောင့် လငန်း ကျွန်းမှ ဆလုံတိုင်းရင်းသားများနှင့် ဒေသခံ ရေလုပ်သားတို့၏ ငါးဖမ်းလုပ်ကွက် များ ကန့်သတ်ခံရခြင်းတို့ကြောင့် ဆလုံ များနှင့် ဒေသခံများတိုင်ကြားမှုအား တိုင်း အစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး နောက် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုလဲမွေးမြူရန် မြန်မာတာဆာကီ ကုမ္ပဏီက ရယူထားသော ဧရိယာအတွင်း ဒေသခံတို့ ရေချိုခပ်ယူခွင့်နှင့် မိရိုးဖလာ ငါးဖမ်းခွင့်များ ကန့်သတ်ခံရမှုကို ဒေသ ခံတို့က တိုင်းအစိုးရထံ စုပေါင်းလက် မှတ်ရေးထိုး တိုင်ကြားခြင်း၊ ဘုတ်ပြင်းမဲ ဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ကမေးခွန်းမေးမြန်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့သောတိုင်ကြားမှု၊ မေးခွန်း မေးမြန်းမှုအပေါ် တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာ ခေါင်းဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် အောင်တိုဘာလက ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များအား ဝန်ကြီးချုပ်ထံ အစီရင်ခံစာရေးသားတင် ပြခဲ့သည်။

ကွင်းဆင်းအဖွဲ့၏ တွေ့ရှိချက်များ အရ ကုမ္ပဏီဘက်မှ ပုလဲမွေးမြူရေးစီမံ ကိန်းအား ဒေသခံများ သေချာနားလည် သဘောပေါက်အောင် ကြိုတင်ရှင်းပြရန်၊ ရပ်ရွာဖွံ့ဖြိုးလုပ်ငန်းများအားဟန်ပြသာ လုပ်ဆောင်ခြင်းကိုတွေ့ရသဖြင့် လငန်း ရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ယခင်ထက်ပိုမိုလုပ်ဆောင်ရန်နှင့် ဒေသ ခံရေလုပ်သားများ၏ အလုပ်အကိုင် အခွင့်လမ်းများ ဖန်တီးပေးနိုင်မှသာ ဆက်လက် လုပ်ကိုင်ခွင့်ပြုရန် စသည်တို့ ကို ဝန်ကြီးချုပ်ထံ အကြံပြုတင်ပြခဲ့ကြောင်း ဝန်ကြီး စောလုကာက ပြောသည်။

“ဝန်ကြီးချုပ်ကလည်း အစီရင်ခံ အကြံပြုတဲ့အတိုင်း လုပ်ဆောင်သွားဖို့၊ အလုပ်မလုပ်တဲ့(နေရာရယူထားပြီး ပုလဲ မမွေးသည့်)နေရာတွေမှာ သူတို့(ဆလုံ နှင့် ဒေသခံ)အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်ခွင့်ပြုဖို့ မှတ်ချက်ပြု လိုက်တယ်” ဟု စောလုကာက ပြောသည်။
မြန်မာတာဆာကီကုမ္ပဏီသည် မြိတ်ကျွန်းစုအတွင်းရှိ စစ်စတာကျွန်း အုပ်စု၊ ဒိုမယ်ကျွန်းအုပ်စုတို့တွင် ပုလဲ မွေး မြူရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားပြီး နေရာတချို့တွင်သာ ပုလဲ မွေးမြူနေသည်။

ကုမ္ပဏီမှ လက်ရှိ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လာသော စစ်စတာကျွန်းအုပ်စုရှိ နွားလဘို့(စောမွန်လှ)ကျွန်းမှာ ဒေသခံ များ ငါးဖမ်းဆီးရာ၊ ငါးဖမ်းလှေများ ရေချိုခပ်ရာဝင် ထွက်သွားလာကျက်စား ရာ နေရာဖြစ်သည့်အတွက် ယင်းနေရာ တွင် ပုလဲမွေးမြူခြင်းကြောင့် ဒေသခံများ အဝင်အထွက် မပြုနိုင်တော့ဘဲများစွာအခက်တွေ့နေရခြင်းကြောင့် စုပေါင်း လက်မှတ်ထိုးတိုင်ကြားကြခြင်း ဖြစ်ကြောင်း လငန်းကျေး ရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

“အခု သူတို့လုပ်နေတဲ့ဟာ(စောမွန် လှကျွန်းမှာ)ကို ဖယ်ခိုင်းချင်တယ်၊ တနင်္သာရီတိုင်းတစ်တိုင်းလုံးက ရေလုပ် သားတွေလည်း အဲဒီမှာ လှိုင်းလေကြီးရင် နားခိုတဲ့နေရာ ဖြစ်တယ်။ အဲဒီတကျော လုံးပေးလိုက်ရရင်ကျွန်တော်တို့ရေလုပ် သားတွေအဖို့ တော်တော်နစ်နာတယ်။ ကျွန်တော်တို့ရွာက ဘယ်လိုမှ ရှေ့လျှောက် ရပ်တည်နိုင်မှာ မဟုတ်ဘူး” ဟု ဦးသိန်းဇံက ပြောသည်။
တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အား တရားဝင်အကြောင်းကြားလာခဲ့ပါက ရှေ့ဆက်လုပ် ဆောင်ရမည့် ကိစ္စများ အတွက် ရွာသူရွာသားများ ပြန်လည်တိုင် ပင်ရဦးမည်ဟု ၎င်းက ပြောသည်။