MIC ခွင့်ပြုထားသည့် ဆီအုန်းမြေ တိုင်းအစိုးရ အဆိုပြုသည့် ဧရိယာအတိုင်း ပြန်သိမ်းမည်

0
594

MICက ခွင့်ပြုထားသည့် ဆီအုန်း ကုမ္ပဏီ ၅ ခု၏ မြေနေရာများကို တိုင်း ဒေသကြီးအစိုးရက သဘောထား မှတ် ချက်ပြုထားသည့်အတိုင်း ပြန်သိမ်းရန် စီစဉ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်MIC က ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ် တာကာလ အတွင်း ဆီအုန်းကုမ္ပဏီ ၅ ခုကို မြေဧက အကျယ်အဝန်း နှစ်သိန်း ရှစ်သောင်းကျော် (၂၈၀၆၃၂ ဧက) လုပ် ကိုင်ခွင့် ပြုခဲ့သည်။
MAC MSPP MRPP ရွှေကမ္ဘောဇ ကုမ္ပဏီနှင့် Srisuban ကုမ္ပဏီတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။
ယင်းကုမ္ပဏီ ၅ ခု လုပ်ကိုင်ခွင့်ရ ထားသည့် မြေနေရာများကို MIC ပါဝင်သည့်အဖွဲ့က ၂၀၁၇ ခုနစ်တွင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ခွင့်ပြုမြေဧရိယာ အားလုံး၏ ငါးရာခိုင်နှုန်းခန့်သာ စိုက် ပျိုးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၏ စာရင်းများအရ သိရသည်။

ယင်းကြောင့် Srisuban ကုမ္ပဏီမှ အပ ကုမ္ပဏီ လေးခု၏ စိုက်ပျိုးထားပြီး ဖြစ်သည့်မြေဧရိယာများ အပါအဝင် စုစုပေါင်းဧက တစ်သိန်း နီးပါး (၈၄၄၁၉ ဧက) ပြန်လည် ခွင့်ပြုပြီး ကျန်မြေ တစ် သိန်းခွဲကျော်(၁၆၄၈၆၃ ဧက)ကို သိမ်း ဆည်းရန် MIC က ကနဦး ဆုံးဖြတ်ခဲ့ သည်။
MIC က ကနဦး ဆုံးဖြတ်ပြီးနောက် တိုင်းအစိုးရ၏ သဘောထားမှတ်ချက် တောင်းခံရာတွင် တိုင်းအစိုးရက စုစု ပေါင်းဧက နှစ်သိန်းကျော် (၂၀၉၇၆၁ ဧက)ကို ပြန်သိမ်းရန် သဘောထားမှတ် ချက်ပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းအစိုးရ၏ သဘောထားမှတ် ချက်နှင့်အတူ ပြန်သိမ်းရန်အဆိုပြုသည့် ဧရိယာနှင့် ခွင့်ပြုရန် အဆိုပြုသည့် ဧရိ ယာမြေပုံကို ဩဂုတ်လဆန်းပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့ ထားခဲ့သည်။

Srisuban ကုမ္ပဏီ ကိုMIC က ဧက သုံးသောင်းကျော် လုပ်ကိုင် ခွင့်ပြု ခဲ့သော်လည်း သစ်တော ထူထပ်သည့် နေရာဖြစ်ခြင်း၊ ဒေသခံတောင်သူ လုပ် ကွက်များ ပါဝင်နေခြင်းတို့ကြောင့် ခွင့် ပြုထားသည့်မြေကို ပြန်လည် သိမ်း ဆည်းပြီး အခြားနေရာတစ်ခုတွင် အစား ထိုးပေးရန် ယင်းကုမ္ပဏီအား မြေနေရာ ရှာခိုင်းထားဆဲဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူး ဒေါက်တာထွန်းထွန်းက ပြောသည်။
MAC ကုမ္ပဏီကို ဆီအုန်းစိုက်ရန် မူလက ဧကတစ်သိန်းကျော် ခွင့်ပြုထားခဲ့ ပြီး တိုင်းဒေသကြီးအစိုးရက လက်ရှိစိုက် ပျိုးထားသည့် ဧက ၆၅၉၁ ဧကကိုသာ ခွင့်ပြုရန်နှင့် ကျန်မြေကို သိမ်းဆည်းရန် သဘောထားမှတ်ချက် ပြုထားသည်။
MRPP ကုမ္ပဏီကို မူလက ဧက ငါးသောင်း ခွင့်ပြုထားခဲ့ရာ တိုင်းအစိုးရ က လက်ရှိစိုက်ပျိုးပြီး ဧကများ အပါ အဝင် ဧကနှစ်သောင်းကျော်(၂၁၃၀၄ ဧက)နှင့် MSPP ကုမ္ပဏီကို မူလက ဧက ၃၈၀၀၀ ခွင့်ပြုထားရာမှ လက်ရှိ စိုက်ပျိုးထားသည့် မြေအပါအဝင် ဧက ၁ သောင်းသာ ခွင့်ပြုရန် သဘောထား မှတ်ချက်ပေးခဲ့သည်။
ရွှေကမ္ဘောဇကုမ္ပဏီကိုမူ မူလက ဧက ၂၇၆၈၂ ဧကခွင့်ပြုထားရာ ကုမ္ပဏီ ဘက်မှ စိုက်ပျိုးပြီး ၁၆၂၆ ဧကကိုသာ ယူမည်ဟု တင်ပြခဲ့ကြောင်း (DICA) ဌာနထံမှ သိရသည်။

MRPP MSPP နှင့် ရွှေကမ္ဘောဇ ကုမ္ပဏီများကိုလည်းMAC ကုမ္ပဏီ နည်းတူ ကျန်မြေများကို သိမ်းဆည်းရန် တိုင်းအစိုးရအဖွဲ့က သဘောထားမှတ် ချက်ပြုထားသည်။
ဆီအုန်း စိုက်ပျိုးမြေနှင့် ပတ်သက် ၍ တိုင်းအစိုးရက သဘောထားမှတ်ချက် ပြုထားသည့် ဧရိယာအတိုင်းသာ ခွင့်ပြု မည်ဖြစ်ပြီး လက်ရှိတွင် စိုက်ပျိုးရေးဌာန နှင့် ကုမ္ပဏီတို့ မြေငှားစာချုပ် ချုပ်ဆိုရ မည့်အဆင့်ကို ရောက်ရှိနေကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။
“မြေငှားစာချုပ်ရပြီဆို MIC တင် မယ်။ တိုင်းအစိုးရက အဆိုပြုတဲ့ဟာက အမှန်ဖြစ်သွားတယ်”ဟု ၎င်းက ပြော သည်။
စိုက်ပျိုးရေးဌာနနှင့် ကုမ္ပဏီတို့ မြေငှားစာချုပ်ချုပ်ပြီးပါက MIC ကို တင်ရမည်ဖြစ်ပြီး MIC အစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ကာ ပါမစ်အသစ် ထပ်ထုတ်ပေးမည်ဖြစ်ကြောင်း ဒေါက် တာထွန်းထွန်းက ဆိုသည်။