သပိတ်မျှောသူများ

0
766

သီတင်းကျွတ်သပိတ်မျှောပွဲက ထားဝယ်၏ အမှတ်လက္ခဏာ ရိုးရာ ဓလေ့တစ်ခု ဖြစ်နေခဲ့ပါပြီ။
ထားဝယ်မြို့ပေါ်တွင် သပိတ်မျှောပွဲ ကို အစိုးရအဆက်ဆက် နှစ်စဉ် ခမ်းခမ်း နားနား ကျင်းပလာခဲ့သည်မှာ ဆယ်စုနှစ် ချီနေပါပြီ။ ထားဝယ်မြို့ပေါ်တွင် အစိုးရ အစီအစဉ်ဖြင့် ကျင်းပသည့် ဒေါင်းငူ တံငါရပ်ကွက် ဆိပ်ကမ်းနေရာတစ်ခု တည်းတွင်သာ သပိတ်မျှောကြသည် မဟုတ်ပါ။ ထားဝယ်မြစ်ရိုးတစ်လျှောက်ရှိ ရပ်ကွက်များတွင်လည်း မိမိတို့ ရပ်ကွက်အစီအစဉ်ဖြင့် သပိတ်မျှောမည့် ဆိပ်ကမ်းဆင်း တံတားလေးများ၊ သပိတ် မျှောဖောင်ငယ်လေးများ ပြုလုပ်ကာ သပိတ်မျှောပွဲလေးများ ကျင်းပကြပါ သည်။

သပိတ်မျှောသည့် သီတင်းကျွတ် လပြည့် အရုဏ်ချိန်တွင် ယင်းရပ်ကွက် များသာမက မြို့တွင်းရပ်ကွက်များက သပိတ်မျှောသူများက ဆွမ်း၊ သစ်သီး၊ မုန့်၊ တံခွန်တိုင် စသည်တို့ထည့်ထားသော သပိတ်တွင် ဖယောင်းတိုင် ထွန်းညှိကာ ကမ်းနားသို့ လာရောက် သပိတ်မျှော ကြသည်။
ထားဝယ်မြစ်တွင် သပိတ်မျှောကြ သည်မှာ မြစ်အရှေ့ဘက်ကမ်းရှိ ထားဝယ်မြို့သူ မြို့သားများသာ မဟုတ် ပါ။ မြစ်အနောက်ဘက်ကမ်းရွာများ အပါအဝင် ထားဝယ်မြစ်ရိုးတစ်လျှောက်မှ ရွာများကလည်း မိမိတို့ရွာအစီအစဉ်ဖြင့် သပိတ်မျှော ဖောင်ငယ်လေးများ ပြုလုပ် ကာ သပိတ်မျှောပွဲလေးများ ကျင်းပကြ ပါသည်။
သီတင်းကျွတ်လပြည့် အရုဏ်ချိန် တွင် သပိတ်ထဲထွန်းညှိထားသည့် ဖယောင်းတိုင်မီးရောင်တန်းကြီးများ ထားဝယ်မြစ်ကြောင်း တစ်လျှောက် အစီအရီ စီးဆင်းနေသည်ကို တွေ့မြင်ရပါ လိမ့်မည်။

သပိတ်မျှောကြသည်က ထားဝယ် မြစ်ရိုးတစ်လျှောက်တွင်သာ မဟုတ်ပါ။
ထားဝယ်ခရိုင်တွင်းရှိ ကျေးရွာ အချို့ကလည်း မိမိတို့ရွာအစီအစဉ်ဖြင့် ရွာရှိ မြစ်ငယ်၊ ချောင်းငယ်များတွင် ဖောင်လေးများပြုလုပ် သပိတ်မျှောကြ ပါသေးသည်။ ထားဝယ်မြို့ ရွှေဂူတောင် ရွာအနီး ရွှေဂူချောင်းအတွင်း နှစ်စဉ် သပိတ်မျှောပွဲ ကျင်းပနေပြီး နံနက်အရုဏ် ၄ နာရီခန့်မှ စတင်မျှောကာ နံနက် ၈ နာရီအထိပင် သပိတ်မျှောသူတို့ ရှိနေဆဲ ဟု ယင်းရွာသူတစ်ဦးဖြစ်သည့် ဒေါ်သီတာမိုးက ပြောသည်။
သပိတ်မျှောသူတို့က တောင် သမုဒ္ဒရာမှာ သီတင်းသုံးစံပယ်တော်မူ နေသည့် ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ကို ရည်စူးကာ သပိတ်မျှောလွှတ် ဆွမ်း ဆက်ကပ်ကြခြင်းဟု ပြောကြသည်။

“ဆုတောင်းတာကတော့ မိဘနဲ့ ဝေးနေသူတွေကလည်း မိဘနဲ့ အတူနေရ အောင်၊ အိမ်ထောင်ရေးအဆင်မပြေလည်း ပြေလည်လာအောင်၊ ကျန်းမာရေးကောင်း ပြီး ကိုယ့်အိမ်မှာ ဘေးအန္တရာယ်ကင်း အောင်ပေါ့။ ကောင်းတာတွေပဲ ဆုတောင်း တာပေါ့” ဟု ဒေါ်သီတာမိုးက ဆိုသည်။
သပိတ်ထဲသို့ ငှက်ပျောသီး၊ ကျွဲကောသီး၊ ရှောက်ချိုသီး၊ ဒွန်၊ ဗုဒ္ဓဥ၊ မုန့်ဆီကြော်၊ မုန့်ဆီလုံး၊ မုန့်ဆီပြား၊ ပေါက်ပေါက်ဆုပ်၊ ပန်း၊ သစ်သီးမျိုးစုံ ထည့်ကာ မီးတိုင်၊ အမွှေးတိုင်၊ တံခွန်၊ ကုက္ကားတို့ စိုက်ထူ မျှောကြကြောင်း ဒေါ်သီတာမိုးက ပြောသည်။
ယင်းမုန့်အားလုံးကို တစ်အိမ်တည်း မှ ချက်လုပ်ခြင်းမျိုး မဟုတ်ပါ။

တစ်အိမ်လျှင် နှစ်မျိုး၊ သုံးမျိုးလုပ် ကာ အိမ်နီးချင်း အချင်းချင်း အပြန်အလှန် မျှဝေကြခြင်း ဖြစ်သည်။
“သူ့အိမ်က မုန့်ဆီပြားလာလှူရင် ကိုယ့်အိမ်က ငှက်ပျောသီး ပြန်လှူတာ မျိုးပေါ့၊ အနည်းဆုံး အစုံမထည့်နိုင်တဲ့ အိမ်တောင် သူ့အိမ်ငါ့အိမ်ဝိုင်းလှူရင်းနဲ့ ပြည့်သွားတာပဲ” ဟု ဒေါ်သီတာမိုးက ပြောသည်။
ယင်းသို့ အပြန်အလှန်မျှဝေခြင်း၊ သပိတ်ဆွမ်းကို ကိုယ်တိုင်ပြင်ဆင်ခြင်း တို့က ကျေးလက်တွင် တွင်ကျယ်ဆဲပင်။
ထားဝယ်မြို့ပေါ်တွင်ကား ဆွမ်း၊ မုန့်နှင့် အခြားပစ္စည်းအားလုံး ထည့်ပြီး သား အသင့်မျှောနိုင်သည့် သပိတ်များကို သပိတ်မျှောပွဲကျင်းပသည့်နေရာတွင် ဝယ်ယူနိုင်နေပြီ ဖြစ်သည်။ အသင်းအဖွဲ့ များက ပြင်ဆင်ရောင်းချပေးကြခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်တွင် သပိတ်မမျှော သည့်ရွာ မရှိသလောက်ပင် ဖြစ်သည်။ အကယ်၍ ကျေးရွာအစီအစဉ်ဖြင့် သပိတ် မျှောဖောင်များ မပြုလုပ်ကြသည့်တိုင် ရွာအတွင်းမှ လူကြီးသူမအချို့က သီတင်းကျွတ်လပြည့်နေ့ အရုဏ်တိုင်း နံနက်တိုင်း မိမိတို့အိမ်နှင့် နီးစပ်ရာ မြစ်ချောင်းများတွင် သပိတ်မျှောတတ် ကြပါသည်။
လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ တွင် စုပေါင်းသပိတ်မျှောပွဲ ကျင်းပခဲ့သည် မှာ သုံးနှစ် ရှိပြီဖြစ်ပြီး ထိုသို့ စုပေါင်း မလွှတ်မီက ရွာသူရွာသားအချို့က အလျဉ်းသင့်သလို မျှောကြသည်ဟု ယင်း ရွာသား ဦးဇော်ဝင်းက ပြောသည်။ ” အခုဆို ရွာလုံးကျွတ်သပိတ်မျှောလာတာ သုံးကြိမ်ရှိနေပြီ။ အရင်ကတော့ တစ် ယောက်တလေပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မျှောတာတော့ တွေ့ဖူးတယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

မြိတ်နှင့် ကော့သောင်းဘက်တွင်မူ သပိတ်မျှောသည့်နေ့၊ သပိတ်မျှောပွဲ ပြုလုပ်မှုတို့ သီးခြားမရှိဟု မြို့ခံအချို့က ပြောကြသည်။
မီးမျှောပွဲကိုမူ စုဝေးပြုလုပ်ကြ ကြောင်း ထိုမြို့ခံအချို့က ပြောသည်။ “စက္ကူခွက်လေးထဲ ဖယောင်းတိုင်ထွန်းပြီး ရေထဲလွှတ်တာ၊ ဘာဆုတောင်းလဲဆို တော့ အစုံပါ”ဟု ကော့သောင်း ရွှေပြည် သာရပ်ကွက်နေ အသက် ၂၀ အရွယ် မသဇင်ဖူးက ပြောသည်။
ထားဝယ်ခရိုင်တွင်ကား ယခုအချိန် တွင် သပိတ်မျှောစင်များ ပြင်ဆင်ပြီး နေကြပါပြီ။
သီတင်းကျွတ်လပြည့်အဖိတ်နေ့ ညနေဆိုလျှင် သပိတ်မျှောရန် ချက်ကြ ပြုတ်ကြ ပြင်ဆင်ကြတော့မည်။ ညရီ တရောတွင် တစ်အိမ်နှင့်တစ်အိမ် မုန့်များ ဖလှယ်ကြတော့မည်။

လူငယ်အချို့က ထားဝယ်တက်ကာ သပိတ်မျှောပွဲ တက်ကြည့်ကြမည်။ ထားဝယ်ကမ်းနားတစ်ဝိုက် လည်ပတ်ပြီး လျှင် မိမိရွာ သပိတ်မျှောပွဲသို့ အရောက် ပြန်ကြမည်။ လူကြီးသူမတို့ ကလေးတို့ကို ဝိုင်းတွဲကူကြမည်။
သနပ်ခါးကိုယ်စီလိမ်းခြယ်ကာ သပိတ်လာမျှောသည့် ပျိုမေတို့ကို ကာလသားတို့က ငေးကြမည်။
မြစ်ချောင်းများအတွင်းက သပိတ် မီးတန်းကြီးကား အားလုံးအတွက် တစ် နှစ်တစ်ခါသာ တွေ့ရသော မရိုးနိုင်သော မြင်ကွင်းတစ်ခု ဖြစ်နေပါတော့မည်။