တနင်္သာရီဂျာနယ်အမှု သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်

0
462

တနင်္သာရီဂျာနယ်တွင်”  မဲဆွယ် အပြုံး”အမည်ရသရော်စာ ဖော်ပြခဲ့သည့် အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှုကို ထားဝယ် မြို့နယ်တရားရုံးက အောက်တိုဘာလ ၁ ရက်နေ့တွင် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့်စွဲချက်တင်လိုက် သည်။
စက်တင်ဘာလ ၁၇ ရက်က နှစ်ဖက်လျှောက်လဲချက်ကို ကြားနာပြီး နောက် အောက်တိုဘာလ ၁ ရက်နေ့ ၂၅ ကြိမ်မြောက် ရုံးချိန်းတွင် စွဲချက် တင်ရန် မြို့နယ်တရားရုံးက အမိန့်ချ လိုက်ခြင်း ဖြစ်သည်။
သတင်းမီဒီယာဥပဒေပုဒ်မ ၉(ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေ သော အရေးအသားနှင့် လူ့အခွင့်အရေး ကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်း ထားသည်။

သတင်းမီဒီယာဥပဒေပုဒ်မ-၉ (ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ- ၂၅ (ခ)အရ ဒဏ်ငွေအနည်းဆုံး ကျပ်သုံး သိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံ ရမည် ဖြစ်သည်။
လာမည့်ရုံးချိန်းကို အောက်တိုဘာ ၁၅ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများကို ပြန်လည် စစ်မေးမည် ဖြစ်သည်။
“တရားခံအနေနဲ့ စွဲချက်အပေါ်မှာ အပြစ်မရှိကြောင်း ထုချေပြီး ပြန်ခေါ် သက်သေအနေနဲ့ ဒေါ်အေးအေးမိုးနဲ့ ဦးအောင်ကျော်စိုးတို့ကို ပြန်ခေါ်စစ် မေးရန် လျှောက်ထားလာတဲ့အတွက် ပြန်ခေါ်သက်သေအဖြစ် ဒေါ်အေးအေးမိုး အား စစ်ဆေးရန်ဆင့်ဆိုချိန်းဆို ထားပါ တယ်”ဟု ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

တရားလိုပြသက်သေများကို ထပ်မံ စစ်မေးရန် မေးခွန်းများ ကျန်နေသေး သည့်အတွက် ပြန်ခေါ်သက်သေအဖြစ် ပြန်ခေါ်ခြင်းဖြစ်ကြောင်း တနင်္သာရီ ဂျာ နယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေ သည့် အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။
“တရားလိုပြ သက်သေတွေကို ပြန်ခေါ်ထားတဲ့အတွက်ကြောင့် တရားလိုပြ သက်သေတွေကလာပြီး တော့ ကျွန်မတို့ရဲ့ မေးခွန်းတွေကို ထပ်ပြီးတော့ ဖြေဆိုရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အေးမွန်သူက ပြောသည်။
အဆိုပါအမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ထားဝယ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်း ရေးမှူး ဒေါ်အေးအေးမိုးနှင့် တိုင်းဒေသ ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၏ ယာဉ် မောင်းတစ်ဦးဖြစ်သည့် ဦးအောင်ကျော် စိုး တို့က တရားလိုပြသက်သေများအဖြစ် ထွက်ဆိုထားသည်။

ယင်းအမှုကို စွဲချက်တင်ရန်အမိန့် ချလိုက်သည့်အပေါ် ဥပဒေကြောင်းအရ အကောင်းဆုံး ခုခံချေပရန် ကြိုးစားသွား မည် ဖြစ်ကြောင်း တနင်္သာရီဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။
မြို့နယ်တရားရုံးတွင် ၁၅ ကြိမ် မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် အမှု ပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက ဇူလိုင်လ ၃၁ ရက်တွင် အမှုအား မပယ်ဖျက်ရန်”ပလပ်”အမိန့်ချမှတ် ခဲ့သည်။
တိုင်းတရားလွှတ်တော်က အမှုကို မပယ်ဖျက်ရန်”ပလပ်” အမိန့်ချလိုက် သည့်အတွက် ပြည်ထောင်စု တရားလွှတ် တော်ချုပ်ထံ ချေဖျက်ပေးရန် ဩဂုတ်လ ၁၄ ရက်က ထပ်မံလျှောက်ထားခဲ့သည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် “မဲဆွယ်အပြုံး”သရော်စာအမှုကို လက်ခံသင့် ^မသင့်ကို အောက်တိုဘာလ ၂၆ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း အထက်တန်း ရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။
တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့်ရေးသား သည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်ဟုဆိုကာ အရေးယူပေးရန် အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။
တနင်္သာရီအပတ်စဉ် ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက် ထက်အတွင်းမီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။