ငါးတင်/ချ ဆိပ်ခံတံတားမှ ရေထွက်ကုန်များ မောတောင်နယ်စပ်မှတဆင့် ထိုင်းသို့ တင်ပို့မည်

0
445

မြိတ်မြို့တစ်ဖက်ကမ်းရှိ ကျွန်းစု မြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော် ပထက်ကျွန်းတွင် ဆောက်လုပ်လျက်ရှိ သည့် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ငါးတင်/ငါးချ ဆိပ်ခံတံတားမှ ရေထွက်ကုန်ပစ္စည်းများ ကို မောတောင်နယ်စပ်မှ တဆင့် ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးထွန်း မြတ်လင်းထံမှ သိရသည်။

ငါးတင်/ချ ဆိပ်ခံတံတားဝန်ဆောင် မှုလုပ်ငန်းအတွက် ကနဦး သဘာဝ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination-IEE)  အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ကို စက်တင်ဘာလ ၂၀ ရက်က မြိတ် ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြု လုပ်ခဲ့သည်။
“ကုမ္ပဏီပိုင် ငါးဖမ်းလှေတွေက ရရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ဆိပ် ကမ်းပေါ်မှာ တင်ချပြုလုပ်ပါမယ်”ဟု အထွေထွေမန်နေဂျာ ဦးထွန်းမြတ်လင်း က ပြောသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင် ငါးဖမ်း လှေများမှရရှိသည့် ငါးများအား ဆိပ်ခံ တံတားတွင် တင်/ချပြုလုပ်ခြင်းဖြင့် လုပ်ငန်းစတင်မည် ဖြစ်ပြီး နောက်ပိုင်း တွင် အခြားကုမ္ပဏီများ၏လှေများကို လည်း ဝန်ဆောင်ခနှုန်းထား သတ်မှတ် ကာ တင်/ချပြုလုပ်ခွင့် ပေးမည်ဖြစ် ကြောင်း ဦးထွန်းမြတ်လင်းက ပြော သည်။
လက်ရှိတွင် မြိတ်ဒေသမှထွက်ရှိ သည့် ရေထွက်ပစ္စည်းများအား ရေလမ်း မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ရောင်းချကြောင်း ရေလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

ယင်းကဲ့သို့ ရေလမ်းမှတဆင့် တင်ပို့ရောင်းချခြင်းနှင့် မောတောင် နယ်စပ်မှတဆင့် တင်ပို့ရောင်းချခြင်း သည် ကုန်ကြမ်းကို တင်ပို့ရောင်းချခြင်း သာဖြစ်ကြောင်း ဒေသခံရေလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ငါးတင်/ချ ဆိပ်ခံတံတားတည် ဆောက်ခြင်းသည် ပထမဦးဆုံးခြေ လှမ်းသာဖြစ်ပြီး ကုန်ချောထုတ်နိုင်မည့် အဆင့်ကို တဖြည်းဖြည်း ဆောင်ရွက် သွားမည့် အစီအစဉ်များရှိကြောင်း အထွေထွေမန်နေဂျာ ဦးထွန်းမြတ်လင်း က ပြောပြသည်။

အလျား ပေ ၄၀၀ နီးပါးနှင့် အနံ ပေ ၁၀၀ ကျော်ရှိ သံကူကွန်ကရစ် တံတားအမျိုးအစား ငါး/တင်ချ ဆိပ်ခံ တံတားကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်းက စတင်တည်ဆောက်နေခြင်း ဖြစ်ပြီး လာမည့်ဒီဇင်ဘာအကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ပြည့်ဖြိုးထွန်း ကုမ္ပဏီထံမှ သိရသည်။