ကျူရှင်နားသည့် KG ကျောင်းသား ကို အခန်းပြောင်းရန် ပြောသည်ဟုဆိုကာ အတန်းပိုင်ဆရာမ အတိုင်ခံရ

0
452

တနင်္သာရီတိုင်းမြို့တော်ဖြစ်သည့် ထားဝယ်မြို့ရှိ အထက ၁ တွင် ကျူရှင် ရပ်နားလိုက်သည့်အတွက် KG တန်း ကျောင်းသားတစ်ဦးကို အခြားအခန်းသို့ ပြောင်းရွှေ့သင်ကြားရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုဆိုကာ အတန်းပိုင် ဆရာမတစ်ဦး တိုင်ကြားခံလိုက်ရသည်။
အဆိုပါကျောင်း၏ ကျောင်းအကျိုး တော်ဆောင်များ၊ မိဘဆရာအသင်းဝင် များနှင့် ကျောင်းသားဟောင်းများ ပါ ဝင်သည့် စုစုပေါင်း ၁၅ ဦးက စက် တင်ဘာလ ၇ ရက်က တိုင်းပညာရေး မှူးထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။

ထားဝယ်မြို့ရှိအမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း KG တန်း A   အခန်း အတန်းပိုင်ဆရာမထံတွင် ကျူရှင် သင်ယူနေသည့် ကျောင်းသား တစ်ဦးသည် ကျန်းမာရေးအခြေအနေ ကြောင့် ကျူရှင်သင်ကြားမှုကို သုံးလခန့် ရပ်နားမည်ဟု ခွင့်တောင်းခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အတန်းပိုင်ဆရာမက ၎င်းထံတွင် ကျူရှင်မသင်တော့ပါက အခြားအခန်း သို့ ပြောင်းရွှေ့သင်ကြားရန် ပြောဆိုခဲ့ သည့်အတွက် ဩဂုတ်လ ၁၅ ရက်တွင် KG တန်းကျောင်းသားမိဘက ကျောင်း သားကို ကျောင်းထုတ်လိုက်ရကြောင်း တိုင်ကြားစာအရသိရသည်။
“ကျူရှင်သင်တာကို မဆိုလိုဘူး၊ ကျောင်းသားတွေကို ခွဲခြားဆက်ဆံတာ၊ မိဘတွေကို ခွဲခြားဆက်ဆံတာကြောင့် တိုင်တာပါ”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

တိုင်ကြားခံရသည့် KG တန်း အတန်းပိုင်ဆရာမ ဒေါ်မူမူအေးကမူ ကျောင်းသားကျူရှင်ရပ်နားသည့်အတွက် အခန်းပြောင်းသင်ရန် ပြောဆိုခဲ့ခြင်းမရှိ ဟု ဆိုသည်။
“ကိုယ်မပြောရဘဲနဲ့ ကိုယ်ပြော တာဖြစ်တယ်ဆိုတော့ သိက္ခာကျတာပေါ့၊ ဒီစကားကိုမပြောရဘူးဆိုတာ သစ္စာဆို ရဲတယ်”ဟု ဆရာမ ဒေါ်မူမူအေးက ပြောသည်။

ယင်းဖြစ်ရပ်ကကျောင်း၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေခြင်း၊ မူလ တန်းအဆင့်ပညာသင်ကြားရေးတွင် ကျူရှင်သင်ကြားနေခြင်းက ဆရာမ တစ်ဦး၏ စည်းကမ်းနှင့် မညီညွတ်ခြင်း၊ ကျောင်းသားများအကြား စိတ်ဝမ်းကွဲစေ ခြင်း၊ ကျောင်းသားမိဘများအပေါ် ဝန် ထုပ်ဝန်ပိုးဖြစ်စေခြင်း အစရှိသည့် အချက်များကြောင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြ သည်။
ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသားမိဘများရောက်လာပြီး တိုင်ကြားခဲ့သည့်အပေါ် တိုင်းပညာရေး မှူးထံတင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ဆိုသည်။

“ဆရာမကျူးလွန်ရင် ဆရာမခံရ မှာပေါ့၊ မိဘတွေဆိုတာတော့ သားသမီး ကို စိုးရိမ်တဲ့စိတ်တော့ ရှိတာပေါ့၊ အဲဒီ အပေါ်မှာတော့ စုံစမ်းစစ်ဆေးမှုအနေနဲ့ ဌာနဝန်ထမ်းရဲ့ စည်းမျဉ်းစည်းကမ်း နည်းဥပဒေအရ စုံစမ်းမှုတွေ လုပ်ပြီးတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွား မှာပါ” ဟု ဒေါ်မိုးမိုးအေးက ပြောသည်။
တိုင်ကြားစာကို တိုင်းပညာရေးမှူးထံလိပ်မူပေးပို့ထားပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစ ရှိသည့် ဌာနများနှင့် ပုဂ္ဂိုလ်များထံ မိတ္တူပေးပို့ထားသည်။

ဆရာ၊ ဆရာမများအနေနှင့် KG တန်းကိုကျူရှင်သင်ပါက အရေးယူမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန် ကြီးက ပြောဆိုထားသည်။
ဝန်ကြီးက အရေးယူမည်ဟုဆိုထား သော်လည်း တိုင်းအစိုးရအဖွဲ့ရုံးနှင့် အနီးဆုံးတွင်တည်ရှိသည့် အ.ထ.က ၁ ထားဝယ်တွင် KG တန်းကို ကျူရှင်သင် ကြားမှုပြဿနာ ပေါ်ပေါက်လာခြင်းဖြစ် သည်။
KG တန်းကို ထားဝယ်မြို့တွင် သာမက တနင်္သာရီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း ဆရာမ အချို့က ကျူရှင်သင်ကြားနေကြကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

အချို့ဆရာမများကမူ KG တန်း က ကျူရှင်သင်ရန်မလိုသေးကြောင်း ကျောင်းသားမိဘများကို အကျိုးသင့် အကြောင်းသင့် ရှင်းပြကြကြောင်း ကျောင်းသားမိဘအချို့က ဆိုသည်။
“သတင်းတွေမှာ(ကျူရှင်) ထားစ ရာမလိုဘူးပြောနေပေမယ့် အားလုံးက ထားနေကြတာမြင်တော့ ကလေးမျက် နှာငယ်မှာစိုးတော့ သွားထားရတာပဲ”ဟု ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရှိ KG တန်းကျောင်းသားတစ်ဦး၏ မိခင် က ပြောသည်။

KG တန်းကျူရှင်တွင် အချို့ ဆရာမများက ၀လုံးနှင့် ဗျည်းအက္ခရာ ရေးသားနည်းတို့ကိုပါ သင်ကြားပေးကြ သည်။
KG တန်းကို ကျူရှင်ပို့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကလေးမျက်နှာမငယ်ရစေရန်အတွက်ဖြစ်ကြောင်း ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်ရှိ KG ကျောင်းသူတစ်ဦး၏ အုပ်ထိန်းသူက ပြောသည်။
“ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပြီ ကိုး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ KG ကျောင်းသား ၁၀၀ ရှိရင် ၁၀၁ ယောက်တောင် (ကျူရှင်)ထားတယ်”ဟု ၎င်းက ဆိုသည်။

ကျူရှင်သင်သည့်ဆရာ၊ ဆရာများ ကမူ အတင်းအကျပ်သင်ကြားစေခြင်း မဟုတ်ဘဲ မိဘများက တောင်းဆိုခြင်း ကြောင့် သင်ကြားပေးရခြင်းဖြစ်သည်ဟု တုံ့ပြန်ကြသည်။
“မသင်ရဘူးဆိုလည်း မသင်ဘူး၊ အတင်းအဓမ္မတော့ မနေခိုင်းဘူး၊ မိဘ တွေတောင်းဆိုလို့ နည်းနည်းပါးပါးသင် ပေးတာပဲ ရှိတယ်”ဟု ထားဝယ်မြို့နယ် အတွင်း ကျူရှင်သင်နေသည့် KG တန်း အတန်းပိုင်ဆရာမတစ်ဦးက ဆိုသည်။

KG တန်းကို ကျူရှင်သင်ခြင်းနှင့် ပတ်သက်၍ တိုင်ကြားလိုပါက သက် ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ် ကြီး၊ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူး အဆင့်ဆင့်သို့ တိုင်ကြားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး(စီမံ) ဒေါ်မိုးမိုးအေးက ပြော သည်။
တိုင်ကြားရာတွင်လည်း ကျောင်း သား၏ အမည်ကို ဖော်ပြခြင်းမရှိဘဲ ဆရာမအမည်ကိုသာ ပြောပြ၍ တိုင် ကြားနိုင်ကြောင်း ၎င်းက ဆိုသည်။