မင်းသန်း-မောင်းလှော်ကူးတို့ လိုင်စင်လေလံဆွဲသူ တစ်ဦးသာရှိ

0
424

မြိတ်မြို့နယ်ရှိ မင်းသန်းကျေးရွာ နှင့် ကျွန်းစုမြို့နယ်ရှိ မောင်းလှော်ကျေး ရွာတို့ကို ပြေးဆွဲနေသည့် ကူးတို့လုပ်ငန်း လိုင်စင်ကို လေလံဆွဲသူ တစ်ဦးသာ ရှိခဲ့ကြောင်း ကျွန်းစုမြို့နယ် စည်ပင်သာ ယာရေးကော်မတီထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် ၁၂ အနက် ၈ ခုကို ဩဂုတ်လ ၂၂ ရက်က ကျွန်းစုမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ရုံးတွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
“လေလံပြိုင်ခွင့်ရှိတာကို ကြိုပြီး အကြောင်းကြားပေးခဲ့တာပါ အခြားလူ လည်း ဝင်ဆွဲတဲ့လူ မရှိဘူး”ဟု ကျွန်းစု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်မိုးမိုးနွယ်က ပြောသည်။

ဒေသခံလုပ်ငန်းရှင်တစ်ဦးတည်း လေလံဆွဲခဲ့ခြင်းဖြစ်ပြီး ကျပ် ၁၈၅ သိန်း ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မင်းသန်း-မောင်းလှော်ရွာသို့ ကူးသည့်ကူးတို့စက်လှေတစ်စီးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၅ ရက် က နစ်မြုပ်ခဲ့ပြီး ကျောင်းဆရာမနှင့် ကျောင်းသူတစ်ဦးအပါဝင် ၅ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း လက်ရှိအချိန် ထိ ဇက်(သံခွံ)ယာဉ်ဖြင့် ပြေးဆွဲလျက် ရှိသည်။

မင်းသန်း-မောင်းလှော် ကူးတို့ လိုင်စင်အပြင် ကျွန်းစု-မြိတ် ကူးတို့ လိုင်စင်၊ ပထော်-မြိတ် ကူးတို့လိုင်စင်၊ ကျွန်းစုအပေါင်ဆိုင်လိုင်စင်၊ သဇင်ဆိပ် ကမ်းကောက်လိုင်စင်၊ ကျွန်းစုမြို့မဈေး ကောက်လိုင်စင်၊ ကျွန်းစုလမ်းဘေးဈေး ကောက်လိုင်စင်နှင့် မြို့မဈေးအိမ်သာလူဝင်ကြေးလိုင်စင်တို့ကို လေလံဖြင့် ရောင်းချခဲ့သည်။

အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၂ ခုအနက် ကျန်ရှိနေသည့် လိုင်စင် ၄ ခု ဖြစ်ကြသည့် မောင်းလှော်-မြိတ် ကူးတို့ လိုင်စင်၊ ကျွန်းစုဆိပ်ကမ်းကောက် လိုင်စင်၊ မစမ်းပါးဆိပ်ကမ်းကောက် လိုင်စင်နှင့် သဇင်ဆိပ်ကမ်းကောက် လိုင်စင်တို့ကို လာမည့် အောက်တိုဘာလ တွင် သားသတ်လိုင်စင်နဲ့အတူ လေလံ တင်ရောင်း ချပေးသွားမည်ဖြစ် ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။