ဒေါ်လာဈေးတက်သော်လည်း ထားဝယ်ခရိုင် မီတာခ တိုးကောက်မည် မဟုတ်ဟုဆို

0
433

ဒေါ်လာဈေးတက်လာသော်လည်း လျှပ်စစ်မီတာယူနစ်ကြေးကို တိုးမြှင့် ကောက်ခံမည်မဟုတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

ထားဝယ်ခရိုင်အတွက် ဂက်စ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးနေရာတွင် ဂက်စ်ဈေးကို ဒေါ်လာဖြင့် ပေးချေနေရခြင်း ဖြစ်သည်။
ဂက်စ်ဈေးကို လျှော့ချပေးရန် ပြည် ထောင်စုနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး အကယ်၍ ညှိနှိုင်းမှု မပြေလည်ဘဲ မီတာ ခ တိုးမြင့်ကောက်ခံရမည့် အနေအထား ဖြစ်လာပါက ပြည်သူလူထုကို ရှင်းပြ သွားမည်ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
“လက်ရှိ ဈေးတက်ဖို့ မရှိသေးဘူး” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

လျှပ်စစ်တင်ဒါခေါ်ယူမှုကိုလည်း ပြည်ထောင်စုနှင့် ညှိနှိုင်းနေဆဲကာလ တွင် ဆိုင်းငံ့ထားကြောင်း ၎င်းက ပြော သည်။
ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ထုတ်လုပ်မှုကို GGS ကုမ္ပဏီက လုပ် ကိုင်ခွင့်ရထားပြီး လျှပ်စစ်ဖြန့်ဖြူးရေး ကိုလည်း ၎င်းကုမ္ပဏီကပင် ယာယီလုပ် ကိုင်ခွင့် ရထားသည်မှာ ၅ လခန့် ရှိပြီဖြစ်သည်။
လျှပ်စစ်မီတာခကို တိုးရမည့် အနေအထားတွင်ရှိသည်ဟု GGS ကုမ္ပဏီတာဝန်ရှိသူက ပြောဆိုဖူးကြောင်း ဒေသတွင်း ရွာမီးလင်းရေးတာဝန်ခံ များက ပြောဆိုကြသည်။

ထားဝယ်ခရိုင်တွင် မီတာခ တစ် ယူနစ်ကို ကျပ် ၂၀၀ ဖြင့် ဖြန့်ဖြူး နေပြီး ကျပ်၂၀၀ ထက် ပိုကောက်ခံမှုကို တိုင်း အစိုးရအဖွဲ့မှ လက်သင့်ခံမည် မဟုတ် ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က တိုင်းအစိုးရအဖွဲ့၏ ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထား သည်။