မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲတွင် နိုင်ငံတကာ ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေသူများ ဝင်ပြိုင်မည်

0
449

တနင်္သာရီတိုင်း မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် လက်ဝှေ့ ပြိုင်ပွဲတွင် နိုင်ငံတကာပြိုင်ပွဲအတွက် လေ့ကျင့်နေသူများ လာရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံက သိရသည်။
ယမန်နှစ်က တနင်္သာရီတိုင်းမှ အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁ ဦးကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ရွေး ချယ်ထားပြီး ၎င်းတို့သည် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တွင် လေ့ကျင့်လျက် ရှိသည်။

၎င်း ၇ ဦးအနက် နိုင်ငံတကာ ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေသူ ၃ ဦး ပါဝင် သည်။
ဩဂုတ်လ ၁၁ ရက်တွင် ကျင်း ပမည့် တနင်္သာရီတိုင်း၏ မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို နိုင်ငံတကာပြိုင်ပွဲဝင် ရန် လေ့ကျင့်နေသူ ၃ ဦးအပါအဝင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့က ရွေးချယ် ထားသူ ၇ ဦးစလုံး လာရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

ယင်းကစားသမားများသည် သက် ဆိုင်ရာ မိမိမြို့နယ်ကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။
“ဒီပွဲမှာ နိုင်တဲ့သူကတော့ တိုင်း လက်ရွေးစင်အဖြစ် အရွေးခံရမှာပဲ။ ရှုံး ရင်တော့ သူ့ဟာသူ ဘာပဲဖြစ်နေနေ အရွေးခံရမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တွင် လေ့ကျင့်နေသည့် အမျိုးသမီး ၆ ဦးမှာ ထားဝယ်မြို့နယ်က ၂ ဦး၊ သရက် ချောင်းမြို့နယ်မှ ၁ ဦး၊ ပုလောမြို့နယ်မှ ၂ ဦး၊ မြိတ်မြို့နယ်မှ ၁ ဦး ဖြစ်ပြီး ကော့သောင်းမြို့နယ်မှ အမျိုးသား ၁ ဦး ဖြစ်ကြသည်။

မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို ဩဂုတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစား ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။