ရွာစာသင်ကျောင်းကိစ္စ ရွာတွင် တိုင်နိုင်ပြီ

0
524

တနင်္သာရီတိုင်းအတွင်းရှိ မူလ တန်းမှ အထက်တန်းအထိ အခြေခံပညာ ကျောင်းအားလုံးနှင့် ပတ်သက်သည့် အခက်အခဲ၊ ပြဿနာများကို သက်ဆိုင် ရာကျောင်းများမှ တစ်ဆင့် အလွယ် တကူ အကြံပြုတိုင်ကြားနိုင်တော့မည် ဖြစ်သည်။
အခြေခံပညာကျောင်းများအပြင် မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးရုံးများ နှင့် ပတ်သက်သည့် အကြံပြုစာ၊တိုင် ကြားစာများ၊ ပညာရေးမူဝါဒနှင့် ပတ် သက်သည့် အကြံပြုစာများအထိအလွယ် တကူ ပေးပို့နိုင်ရန်အတွက် အကြံပြုစာ ပုံးများကို စာသင်ကျောင်းတိုင်းတွင် တပ်ဆင်တော့မည်ဖြစ်သည်။

ယင်းအစီအစဉ်ကို ဇူလိုင်လ ၁၈ ရက် နောက်ပိုင်း စတင်နိုင်ကြောင်း တိုင်းပညာရေးမှူး လက်ထောက်ညွှန် ကြားရေးမှူး(စီမံ) ဒေါ်မိုးမိုးအေးက ပြော သည်။
“အဲဒီစာပုံးမှာ မိဘ၊ ရပ်ရွာက ဘယ်သူမဆို ထည့်လို့ရတယ်ကျောင်းနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် မြို့နယ်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အခြေခံ (ရုံးချုပ်) နဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ဒီစာကိုထည့် လို့ရတယ်”ဟု ၎င်းက ဆိုသည်။
စာသင်ကျောင်းတိုင်းတွင် ထားရှိ မည့် အကြံပြုစာပုံးများကို မြို့နယ်ပညာ ရေးမှူးရုံးက တာဝန်ပေးထားသူမှ လွဲ၍ သက်ဆိုင်ရာကျောင်းများ၏ကျောင်း အုပ်၊ ဆရာ၊ ဆရာမများအပါအဝင် မည်သူမျှ ဖွင့်ဖောက်ထုတ်ယူခွင့်မရှိပေ။

ထိုသို့ဖွင့်ဖောက်မှုများမပြုလုပ် နိုင်ရန်အတွက်လည်း အဆိုပါအကြံပြု စာပုံးကို သော့ခတ်ထားရမည်ဖြစ်ပြီး ယင်းသော့ကို မြို့နယ် တာဝန်ရှိသူက သိမ်းထားမည်ဖြစ်ကြောင်းဒေါ်မိုးမိုးအေး က ပြောသည်။
အကြံပြုစာပုံးအတွင်းရှိ အများ ပြည်သူ အကြံပြု၊ တိုင်ကြားထားသည့် စာများကို မြို့နယ်အစီအစဉ်ဖြင့် လစဉ် လိုက်လံ သိမ်းဆည်းမည်ဖြစ်သည်။
အကြံပြုစာပုံးများကို ကျောင်းဝင်း အတွင်း သို့မဟုတ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး စသဖြင့် အများပြည် သူ အလွယ်တကူအကြံပြုနိုင်မည့်နေရာ၊ ရေရှည်တည်တံ့မှုရှိစေရန် ထိန်းသိမ်း နိုင်မည့်နေရာ တွင် ကျောင်းအစီအစဉ်ဖြင့် ထားပေးရမည်ဖြစ်ကြောင်းဒေါ်မိုးမိုးအေး က ပြောသည်။

အကြံပြု၊ တိုင်ကြားသူများအနေနှင့် အမည်ကို ထည့်သွင်း ဖော်ပြပေးရမည် ဖြစ်ပြီး အမည်မဖော်ထားသည့် အကြံပြု စာများကိုလည်း လက်ခံစစ်ဆေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အမည်မဖော်ထားတဲ့စာတွေကိုလည်း မပယ်ပါဘူး။ အဲဒီစာတွေကလည်း အများ ပြည်သူ သိသင့်တဲ့ အကြောင်းအရာဆိုရင် ထုတ်ပြန်ပေးမှာပါ”ဟု ၎င်းကဆိုသည်။

ရရှိလာသည့် အကြံပြုစာများအပေါ် အခြေခံပြီး ကျောင်းအဆင့်ဖြေဆိုရမည့် မေးခွန်းများ၊ တိုင်ကြားစာများရှိက မြို့နယ် ပညာရေးမှူးက တာဝန်ခံကာ အကြံပြု သူကို ဖြေဆိုပေးရမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။
“ချက်ချင်းရှင်းနိုင်တဲ့ဟာဆိုရင် မြို့နယ်ပညာရေးမှူးက ချက်ချင်းရှင်း လိမ့်မယ်”ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ပင် မြို့နယ်အဆင့် အကြံ ပြုစာများကို ခရိုင်ပညာရေးမှူး၊ ခရိုင် အဆင့်အကြံပြုစာများကို တိုင်းအဆင့်၊ တိုင်းအဆင့်ကို အခြေခံပညာဦးစီးဌာနက ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ဒေါ်မိုးမိုး အေးက ပြောသည်။

ဖြေရှင်းမည့်ပုံစံမှာ စာဖြင့်သော် လည်းကောင်း၊ အကြံပြုစာ ခဏခဏ တက်လာသည့်ကျောင်းကို တိုင်းအဆင့် တာဝန်ရှိသူတစ်ဦးဦး၊ လိုအပ်ပါက တိုင်း ပညာရေးမှူးကိုယ်တိုင် ယင်းကျေးရွာကို သွားရောက် ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုကဲ့သို့ အကြံပြုစာပုံးများ ထား ရှိခြင်းက အောက်ခြေပြည်သူများအသံကို အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက် နိုင်ပြီး ကြီးသည့်အမှုငယ်အောင် ငယ် သည့်အမှု ပပျောက်အောင် လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း ဒေါ်မိုးမိုးအေးက ဆိုသည်။

ထိုသို့ဖြေရှင်းဆောင်ရွက်လာနိုင်ပါက ပညာရေးဝန်ထမ်းများကို အပြစ် ပေးခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းများ လျှော့နည်းလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တိုင်ကြားစာ၊ အကြံပြုစာများကို တစ်လတစ်ကြိမ် သိမ်းဆည်းရန်အတွက် မူ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ ရာသီဥတု အခြေအနေတို့ကြောင့် အခက် အခဲ အနည်းငယ်ရှိနိုင်ကြောင်း ကော့သောင်း မြို့နယ် ပညာရေးမှူး ဦးမျိုးလွင်က ပြော သည်။
“တစ်လတစ်ကြိမ် စုစည်းနိုင်ပါ့ မလားဆိုတဲ့ အပေါ်မှာတော့ သံသယဝင် မိတယ်။ ဒီတော့ ဘယ်လို စဉ်းစားထားလဲ ဆိုတော့ တကယ်လုပ်နိုင်တဲ့ ဧရိယာ တော့ ကိုယ့်ဘက်က ကြိုးစားကြည့်ရ မယ်”ဟု ၎င်းက ဆိုသည်။

တိုင်ကြားစာပုံးများထားရှိသည့်အပေါ် ကျောင်းသားမိဘအများစုက ကြိုဆို ကြသည်။
“ပြောစရာက အများကြီး။ ပြောချင် နေတာလည်းကြာပြီ။ ကိုယ်ပြောရင် ကျောင်းသားမှာ သွားထိမှာစိုးတယ်။ အကြံပြုပုံးဆိုရင် ပြောချင်တဲ့စကားတွေ ထည့်လို့ရပြီပေါ့။ အတန်းပိုင်ဆရာမမှာ ကျူရှင်မထားရင် မျက်နှာငယ်တာမျိုး ပေါ့။ အဲဒါတွေကို ပြောချင်နေတာ” ဟု မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်နေ မူလတန်းကျောင်းသား တစ်ဦး၏ မိခင် ဖြစ်သူက ပြောပြသည်။

ကျောင်းဆရာ၊ ဆရာမအများစုကမူ ယင်းအစီအစဉ်ကို မကြိုက်ကြပေ။
“ထားတာကတော့ ထားပေါ့။ ရိုးရိုး အကြံပြုစာတွေဆို ကိစ္စမရှိပါဘူး၊ ဒီလိုမဟုတ်ဘဲ ကျောင်းနဲ့ မပတ်သက် တဲ့စာတွေမျိုးစုံ ရေးထည့်နေရင်တော့ အလုပ် ပိုရှုပ်မယ်ထင်ပါတယ်”ဟု ကော့သောင်း မြို့မှ အထက်တန်းပြဆရာမ တစ်ဦးက ပြောသည်။
အချို့ကဆရာများကမူ သဘော ကျသည်ဟု ဆိုသည်။

“ကျွန်တော့်အမြင်ကတော့ ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ်။ တကယ် မိဘတွေရဲ့လိုအပ်ချက်တွေ၊ ကိုယ့်ရဲ့အား နည်းချက်တွေကို သိရှိခွင့်ရတဲ့အတွက် ကြောင့် ပိုပြီးဆင်ခြင်ရမဲ့အပိုင်းတွေ၊ ပိုပြီး ကြိုးစားရမဲ့ အပိုင်းတွေ မြင်လာရမယ် ပေါ့”ဟု လောင်းလုံးမြို့နယ် ပညစ်ကျေးရွာ အလက(ခွဲ)၏ ကျောင်းအုပ်ဆရာ ဦးဝေယံစိုး ဆိုသည်။
ကျောင်းများတွင် အကြံပြုစာပုံးများ ထားခြင်းသည် ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒများ ထဲမှ တစ်ခုဖြစ်ပြီး ရေရှည် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။

သို့သော် အချို့သော အစိုးရဌာန များ၏ အတွေ့အကြုံအရ တိုင်ကြားစာ များသည် ထိရောက်မှု အားနည်းလေ့ ရှိသည်။ “အမှန်တကယ် လိုအပ်တဲ့ အချိန်ကျတော့ အခြားနည်းလမ်းပေါ့ တိုက်ရိုက် ပြောတာသော်လည်းကောင်း ရုံးပေါ် တိုင်စာပေးတာသော်လည်း ကောင်း ဒီလိုလုပ်တာများတယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောဆိုသည်။ “အကြံပြုစာပုံးနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ ထိရောက်မယ်လို့ မထင် ဘူး”