၇ နှစ်စာ အချိန်ပိုကြေးမရဟုဆိုကာ တိုင်ကြား

0
520

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်းရေလုပ်ငန်း ကုမ္ပဏီ တွင် အလုပ်လုပ်ခဲ့သည့် အချိန် ၇ နှစ် အတွင်း အချိန်ပိုကြေးမရရှိဟုဆိုကာ အလုပ်သမားနှစ်ဦးက ဇွန်လ ၂၆ ရက် က အလုပ်သမားရုံးသို့ တိုင်ကြားခဲ့ သည်။
အဆိုပါ အလုပ်သမားနှစ်ဦးသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လုံခြုံရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် အလုပ်ထုတ်ခံရပြီး နောက်တွင် အချိန်ပိုကြေးမရဟုဆိုကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတွင် နေ့ဆိုင်းညဆိုင်းဖြင့် ၁၂ နာရီအထိ အလုပ်လုပ်ကိုင်ခဲ့ရသည့် အတွက် အချိန်ပိုကြေးရရှိရန် တိုင်ကြား ခဲ့ကြောင်း တိုင်ကြားသူတစ်ဦးဖြစ်သည့် ဦးတင်စိုးက ပြောသည်။

နိုင်ငံတော်မှ ထုတ်ပြန်ကြေငြာထား သည့် အလုပ်ချိန် တစ်နေ့ ၈ နာရီသာ ရှိသည်ကို သိရှိသော်လည်း လုပ်ငန်းခွင် တွင် ရှိနေစဉ်က တိုင်ကြားပါက အလုပ် ထုတ်ခံရမည်ကိုစိုးရိမ်သဖြင့် မတိုင်ကြား ဖြစ်ခဲ့ကြောင်း တိုင်ကြားသူတစ်ဦးဖြစ် သည့် ဦးတင်စိုးက ပြောသည်။
တိုင်ကြားသူနှစ်ဦးဖြစ်သည့် ဦးတင်စိုး နှင့်ဦးဖိုးပေါက်တို့ကို ကုမ္ပဏီက အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ် ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
ဦးဖိုးပေါက်မှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ဒီဇင်ဘာလအထိ အဆောင် ကောင်းကုမ္ပဏီတွင် တာဝန်ထမ်းဆောင် ခဲ့ပြီး အသက် ၆၀ ပြည့်သဖြင့် တာဝန်မှ ရပ်စဲခြင်းခံရသူဖြစ်ပြီး ဦးတင်စိုးမှာ ယခုနှစ် ဇွန်လအတွင်း အလုပ်ဖြုတ်ခံခဲ့ရ သည်ဟု ၎င်းတို့၏ အဆိုအရ သိရသည်။

ဦးတင်စိုးသည် တာဝန်အချိန်၌ တစ်နာရီစောပြန်ပြီး ညဘက်လည်း အလုပ်မဆင်းနိုင်တော့သည့်အတွက် အလုပ်ရှင်မှ ထုတ်ပစ်ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြိတ်ခရိုင် အလုပ်သမား ဥပဒေစစ်ဆေးရေး လက် ထောက် ညွှန်ကြားရေးမှူး ဦးစိန်လင်း က ဇွန်လ ၂၇ ရက်က ပြောသည်။

ဦးတင်စိုးကမူ တစ်နာရီစောပြန် ခြင်း ဆိုသည်မှာ လုံးဝမဟုတ်ကြောင်း ပြန်လည်ပြောဆိုသည်။
“နေ့ဘက်ဆင်းတာကိုလည်း အဲဒီ HR မန်နေဂျာကပဲ ခွင့်ပြုထားတာ” ဟု ၎င်းက ပြောသည်။
ဦးတင်စိုးနှင့် ဦးဖိုးပေါက်တို့ ၂ ဦး ၏ တောင်းဆိုမှုများသည် ၂၀၀၈ ခုနှစ် မှ ၂၀၁၅ခုနှစ် ကာလအတွင်း ဖြစ်နေ သည်အတွက် ကာလစည်းကန့်သတ် ဥပဒေအရ ပြန်လည်ပေးဆောင်ရန် မဖြစ် နိုင်တော့ဟု လက်ထောက်ညွှန်ကြားရေး မှူး ဦးစိန်လင်းက ပြောသည်။
“၁၉၃၆ အခကြေးငွေပေးရေး ဥပဒေကို ၂၀၁၆ ဥပဒေနဲ့ အစားထိုး လိုက်တော့ သူတို့တောင်းဆိုတာတွေ ပေးလို့ မရတော့ဘူး”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် အခကြေးငွေပေးရေး ဥပဒေအရ အလုပ်သမားက တောင်းဆို သော်လည်း အလုပ်ရှင်က ဖြေရှင်းဆောင် ရွက်ပေးခြင်းမရှိပါက ထုတ်ယူဖြတ် တောက်သည့်နေ့ (သို့မဟုတ်) ပေးချေ ရန် ပျက်ကွက်သည့်နေ့မှ ၆ လအတွင်း စစ်ဆေးရေးအရာရှိထံ ဖြေရှင်းဆောင် ရွက်ပေးရန် တင်ပြနိုင်သည်ဟု ပါရှိ ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး က ပြောပြသည်။

ယင်းသို့ကျော်လွန်ပြီးမှ တောင်း ဆိုသော လုပ်အားခများကို တောင်းဆို ပေးရန် အကျုံးဝင်ခြင်း မရှိတော့ကြောင်း ၎င်းကဆိုသည်။
ဦးဖိုးပေါက်မှာ ၂၀၁၇ ဒီဇင်ဘာလ ၃၁ရက်က တာဝန်မှရပ်နားခံရပြီး ၂၀၁၈ ဇွန်လ ၂၆ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကာ ၆ လပြည့်ရန် ၄ ရက်လိုနေ သေးသဖြင့် ယင်းဥပဒေအရ ၎င်းတို့ နှစ်ဦးစလုံး၏ တိုင်တန်းမှု အကြုံးဝင်မှု ရှိနေသေးကြောင်း ကာယကံရှင်တို့က ဆိုသည်။
“မပေးလည်းကိစ္စမရှိဘူး အထက် ကို ဆက်တိုင်ရမယ့် ကိစ္စတွေအများကြီး ရှိသေးတယ်ဆိုတာ ပြောခဲ့တယ်”ဟု ဦးတင်စိုးက ဆိုသည်။
ခရိုင်အလုပ်သမား ဥပဒေစစ်ဆေး ရေး အရာရှိမှ ဇွန်လ ၂၈ ရက်က လာ ရောက်ပြီး ဝန်ထမ်း နှစ်ဦးတိုင်ထားသည့် အချက်အလက် မှန်ကန်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် ဝန်ထမ်း နှစ်ဦးတို့ အား လက်မှတ်ရေးထိုးစေခဲ့ကြောင်း အဆောင်ကောင်းကုမ္ပဏီ၏ ဒါရိုက်တာ ဦးမြင့်သူက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီ ၏ ညွှန်ကြားရေးမှူးချုပ်ထံ ညွန်ကြား ချက်တောင်းပြီး အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ကြောင်း ဦးမြင့်သူက ဆိုသည်။
“ညွှန်ကြားရေးမှူးချုပ်က ဥပဒေ အတိုင်း ပေးရမယ်လို့ ဆုံးဖြတ်ရင် ကျွန်တော်တို့လည်း ပေးသွားဖို့ရှိတယ်”ဟု ၎င်းက ပြောသည်။