မိုးစပါးချေးငွေ တစ်အိမ်ထောင်လျှင် တစ်ဦးသာ ချေးမည်

0
429

ယခုနှစ်တွင် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို အိမ်ထောင်စုတစ်ခုလျှင် တစ်ဦးကိုသာ ထုတ်ချေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ထံမှ သိရသည်
ယခင်က ကဲ့သို့ လယ်ယာလုပ်ကိုင် ခွင့်ပြုလက်မှတ်(ပုံစံ ၇) ရှိသူတိုင်းကို ထုတ်ချေးမည်မဟုတ်ဘဲ အိမ်ထောင်စု စာရင်းဖြင့် စိစစ်ကာ ယင်းအိမ်ထောင်စု အတွင်းရှိ မိသားစုဝင်တစ်ဦးသာ ချေး ခွင့်ရတော့မည်ဖြစ်သည်။

ငွေထုတ်ချေးရာတွင် ပုံစံ(၇) မူ ရင်းကိုလည်း သိမ်းဆည်းထားမည်ဖြစ် ပြီး မိုးစပါးချေးငွေ ပြန်ဆပ်ပြီးမှ ပုံစံ(၇) ပြန်လည်ထုတ်ပေးမည်ဖြစ် ကြောင်း အထက်ပါဘဏ် တိုင်းဒေသ ကြီး မန်နေဂျာ(တာဝန်ခံ) ဒေါ်လဲ့လဲ့ သန်းဌေးက ပြောသည်။

အစိုးရဘဏ် သော်လည်းကောင်း၊ အစိုးရ အသိအမှတ်ပြုထားသော ဘဏ် တစ်ခုခုတွင်လည်းကောင်း၊ စက်မှုလယ် ယာဦးစီးဌာန၊ သမဝါယမ ဦးစီးဌာနများ တွင် စက်ပစ္စည်း တစ်ခုခု ဝယ်ယူရန် ပုံစံ(၇) မူရင်းကို ပေါင်နှံထားပါက ယင်းဌာန၏ ထောက်ခံချက်ဖြင့် ချေးငွေ ထုတ်ချေးနိုင်မည် ဖြစ်သည်။

ယမန်နှစ်က ကျင့်သုံးခဲ့သည့် သုံး ဦးလျှင်တစ်အုပ်စု စနစ်ဖြင့် ထုတ်ချေးနေ မှုကို ယခုနှစ်တွင် မကျင့်သုံးတော့ဘဲ လယ်သမားတစ်ဦးချင်းကို ကိုယ်တိုင် အာမခံစနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ် ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။

ချေးငွေ ထုတ်ချေးပေးရာတွင် ပုံစံ (၇) မူရင်းများကို စိစစ်နိုင်ရန် သိမ်း ဆည်းထားခြင်းဖြစ်ပြီး အိမ်ထောင်စု တစ်စုတွင် တစ်ဦးသာချေးခွင့်ပြုခြင်းမှာ လယ်သမားမိသားစုများ အကြွေး ဝန် ထုတ်ဝန်ပိုး မဖြစ်စေရန်အတွက် ဖြစ် ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။
ပြောင်းလဲလိုက်သည့် စည်းကမ်း ချက်များမှာ တင်းကြပ်လွန်းသည်ဟု ထားဝယ်ခရိုင်အတွင်းရှိ လယ်သမား အချို့က ဆိုသည်။

“သူတို့ပေးတဲ့ ချေးငွေက မြေဩ ဇာဖိုး ကျေရုံလေးပဲရှိတာ။ ဒီငွေလေး (တစ်ဧက) တစ်သိန်းခွဲလေးနဲ့ ပုံစံ(၇) ကို ပေးအပ်လိုက်ရတာ။ အဲတာကတော့ လယ်သမားတွေအတွက် မကောင်းတဲ့ ဖြစ်ရပ်ဖြစ်သွားတယ်”ဟု လောင်းလုံး မြို့နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ဆိုသည်။

ချေးငွေကိုမူ ယမန်နှစ်ကအတိုင်း လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ နှုန်းဖြင့် အများဆုံး ဆယ်ဧကအထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း တိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ထံမှ သိရသည်။

တိုင်းအတွင်း ယခုနှစ်မိုးစပါး ချေးငွေ ထုတ်ချေးရန် လယ်ဧက တစ် သိန်းကျော် (၁၁၄၆၆၆ ) အတွက် ကျပ် သန်း နှစ်သောင်းနီးပါး (၁၈၀၇၅ ဒဿမ ၆၀ သန်း) လျာထားကြောင်း အထက်ပါ ဘဏ်ထံမှ သိရသည်။