တစ်နှစ်အတွင်း တနင်္သာရီအစိုးရ အပေါ် အားရသူ ထက်ဝက် ကျဆင်း

0
946

၂၀၁၆ ခုနှစ် ဧပြီလတွင် စတင် တာဝန်ယူခဲ့သော တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့သည် ယခု ဧပြီလတွင် သက်တမ်း ၂ နှစ် ပြည့်ပြီ ဖြစ်သည်။
တနင်္သာရီအပတ်စဉ်က တနင်္သာရီ တိုင်းသူတိုင်းသား ၁၀၀ ဦးအား စစ် တမ်းတစ်ခု ကောက်ခံခဲ့ရာ တိုင်းအစိုးရ အဖွဲ့၏ ၂ နှစ်တာ လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရသည်ဟု ဖြေဆိုသူ ၆ ဦး သာ ရှိလေသည်။ ထိုကြောင့် တိုင်း အစိုးရ၏ လုပ်ဆောင်ချက်အပေါ် အားရသူ ၆ ရာခိုင်နှုန်းရှိသည်။

အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန် ၂၀၁၇ ခုနှစ်တွင် ကောက်ယူစဉ် ရလဒ် ထက် ထက်ဝက်ကျလာခြင်း ဖြစ်သည်။
တစ်နှစ်သားအစိုးရအတွက် စစ် တမ်းကောက်ခဲ့ဖူးရာ တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရသူ ၁၄ ရာခိုင်နှုန်း ရှိခဲ့သည်။
တိုင်းအစိုးရ ၂ နှစ်ပြည့်စစ်တမ်းအား ပျမ်းမျှ တစ်မြို့နယ်လျှင် ပြည်သူ ၁၀ ဦးနှုန်းဖြင့် အလွှာအသီးသီးမှ အလုပ် အကိုင်အသီးသီး လုပ်ကိုင်သူများအား ကျပန်း မေးမြန်းထားခြင်း ဖြစ်သည်။ အသက် ၁၉ နှစ်မှ ၇၃ နှစ်အရွယ်အတွင်းရှိ အမျိုးသမီး ၃၅ ဦးနှင့် အမျိုးသား ၆၅ ဦးကို မေးမြန်း စစ်တမ်းကောက်ယူခဲ့ထား ခြင်း ဖြစ်သည်။
တနင်္သာရီ တိုင်းအစိုးရအဖွဲ့ဝင်တစ် ဦးဖြစ်သည့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က လည်း တိုင်းအစိုးရအဖွဲ့၏ ၂ နှစ်တာ လုပ်ဆောင်ချက်မှာ ပြည်သူတို့ ကျေနပ် နိုင်မည်မဟုတ်သည်ကို တိုင်းအစိုးရ အဖွဲ့ဝင်များ သုံးသပ်ထားပြီးဖြစ်ကြောင်း ဝန်ခံပါသည်။

“(အားမလိုအားမရ) ဖြစ်တဲ့ဟာ ပေါ်မှာ သဘာဝကျတယ်လို့ မြင်ပါတယ်၊ ပြည်သူတွေအနေနဲ့ ကျေနပ်နိုင်မယ် မဟုတ်ဘူးဆိုတာ။ ကျွန်တော်တို့ (အစိုး ရအဖွဲ့)လည်း သုံးသပ်မိတယ်ပေါ့”ဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုပါသည်။
ပြောင်းလဲမှုများက အောက်ခြေ အထိ မရောက်သေးသည်ကလည်း လူထု ၏ အားရကျေနပ်မှု မရှိနိုင်ခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ပြီး အထူး သဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ က အောက်ခြေအထိ မရောက်သေးဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုပါသည်။
စစ်တမ်းအရ တိုင်းအစိုးရ၏ စီးပွား ရေးနှင့် ပတ်သက်သည့် လုပ်ဆောင် ချက်အပေါ် အားရကျေနပ်မှု ရှိသူ ၂ ရာ နှုန်းသာရှိပြီး အားမရသူ ၆၂ ရာနှုန်း ရှိနေသည်။ အသင့်အတင့်အားရသူ ၁၈ ရာနှုန်းရှိပြီး မသိဟု ဖြေသူ ၈ ရာနှုန်း ရှိသည်။

စီးပွားရေးတွင် သိသာထင်ရှားစွာ တိုးတက်လာသည်မှာ ခရီးသွားကဏ္ဍဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
“သိသိသာသာ တက်လာတာက ခရီးသွားလုပ်ငန်းတွေကတော့ ဒေသရဲ့ ပထဝီအနေအထားအားဖြင့် နဂိုကတည်း ကလည်း စိတ်ဝင်စားခြင်းခံရတဲ့ဒေသ တစ်ခု ဖြစ်တယ်ပေါ့။ ဖြေလျှော့မှုတွေ လုပ်သင့်သလောက် လုပ်လိုက်တယ်ပေါ့ နော်။ သို့သော်လည်းပဲ ဒါနဲ့ဆက်စပ်နေ တဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေမှာတော့ အားမလိုအားမရ ဖြစ်နေတာတွေတော့ ရှိနေသေးတယ်ပေါ့”ဟု ဝန်ကြီးက ပြော သည်။

ယင်းသို့ ခရီးသွားကဏ္ဍ ပိုမိုတိုး တက်လာကြောင်း မည်သည့်အချက် အလက်များကို အခြေခံပြောဆိုသနည်း ဟု တနင်္သာရီမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က မေးခွန်းထုတ်လာသည်။
“ခရီးသွားလုပ်ငန်းက သူတို့ရဲ့ ကိန်းဂဏန်းအရ တိုးတက်နေတယ်လို့ ပြောတယ်၊ ကျွန်တော့်အမြင်မှာတော့ မတိုးတက်သေးဘူး”ဟု ဦးရဲမြင့်ဆွေက ပြောသည်။
လက်ရှိတွင် ဒေသခံများ ဝင်ငွေ ရရှိမည့် လူထုအခြေပြုခရီးသွားလုပ်ငန်း ပုံစံမျိုး မဖြစ်လာသေးဘဲ လုပ်ငန်းရှင် များက ချုပ်ကိုင်ထားသည့် ပုံစံမျိုးသာ ရှိသေးကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။

၂ နှစ်ပြည့်စစ်တမ်းတွင် တိုင်းအစိုး ရ၏ လုပ်ဆောင်ချက်ပေါ် ကဏ္ဍခွဲ၍ မေးမြန်းခဲ့ရာ အားရကျေနပ်မှုရှိသည်ဟု အများဆုံး ဖြေဆိုကြသည့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွင်ပင် ကျေနပ် အားရသူ ၃၉ ရာနှုန်းသာ ရှိလေသည်။ ကျန်ကဏ္ဍ အသီးသီးအတွက်မူ ကျေနပ် အားရသူ ၁ ရာနှုန်းနှင့် ၁၆ ရာနှုန်း ကြားတွင်သာ ရှိလေသည်။
ကျေနပ်အားရမှု ရာနှုန်းအနည်းဆုံး ကဏ္ဍမှာ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး တိုင်းအစိုးရ လုပ်ဆောင်မှု ဖြစ်ပြီး ကျေနပ်အားရသူ ၁ ရာနှုန်းသာ ရှိသည်။
အစိုးရဝန်ထမ်းများအနေဖြင့် တာဝန် ကျပြီဆိုသည့်နေရာတွင် အသိပညာနည်း ပါးသူများထံ ငွေညှစ် ခြိမ်းခြောက်ခြင်း များ ပြုလုပ်တတ်ပြီး အဓိက လာဘ်စားမှု အများဆုံးမှာ ရဲများဖြစ်ကြောင်း ရေဖြူ မြို့မှ ရှေ့နေတစ်ဦးက စစ်တမ်းတွင် မှတ်ချက်ပြုထားသည်။

လက်ရှိတွင် ရန်ငြိုးရန်စမရှိဘဲ အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပေါ်နေခြင်း ကလည်း ပြည်သူတို့အတွက် ကျောမလုံ ဖြစ်ရကြောင်း စိုးရိမ်ထိတ်လန့်မှုများ ခံစားနေရကြောင်း ထားဝယ်ဒေသခံ အချို့က ဖွင့်ဟကြသည်။
စစ်တမ်းအရ တိုင်းအစိုးရ၏ ပြည်သူ အသံ နားထောင်မှုတွင် အားရကျေနပ် သူ ၆ ရာခိုင်နှုန်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံမှုတွင် အားရကျေနပ်သူ ၅ ရာခိုင်နှုန်း၊ ဝေဖန်ခံနိုင်မှုတွင် အားရ ကျေနပ်သူ ၄ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။

“တိုင်းအစိုးရ၊ လွှတ်တော်ကိုယ်စား လှယ်များသည် အာဏာမရခင်နှင့် အာဏာရရှိပြီးအချိန်တို့တွင် ပြည်သူ တို့နှင့် ဆက်ဆံရေးမှာ များစွာကွာခြား သွားပါသည်။ သူတို့၏ လက်ရှိနေရာ တည်မြဲရေးအတွက်သာ လုပ်ဆောင် နေသည်ဟု ထင်မြင်မိပါသည်”ဟု ကော့သောင်း ခမောက်ကြီးမြို့မှ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက စစ်တမ်းတွင် မှတ်ချက်ပြုထားသည်။
ကော့သောင်းမှ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးကမူ အစိုးရ အား “မဝေဖန်ရဲပါ”ဟု စစ်တမ်းတွင် မှတ်ချက်ပြုသည်။
တိုင်းအစိုးရ လုပ်ဆောင်မှုအပေါ် တိုင်းတွင်းသားများ အားမရဆုံး ကဏ္ဍများမှာ လျှပ်စစ်၊ မြေယာပြဿနာ ဖြေရှင်း နိုင်မှု စသည်တို့ ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ကလည်း လျှပ်စစ်ကဏ္ဍအတွက်မှာ လုပ်သာလုပ်နေရသော်လည်း အားရသည့်အဆင့်သို့ မရောက်သေးဟု ဆိုသည်။
မြေယာပြဿနာများမှာလည်း ထိ ရောက်အောင်မြင် ပြီးပြတ်သည်အထိ ရှင်းလင်းနိုင်ခြင်းမျိုး မတွေ့ရသေးဟု တိုင်းတွင်းသားများက ထောက်ပြကြသည်။
“မြေယာကိစ္စဆိုလည်း လေပေါ်မှာ ပဲ အိမ်ဆောက်နေတာက များသေးတာ ကိုး”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

တနင်္သာရီအပတ်စဉ်မှ တိုင်းအစိုးရ အဖွဲ့ ဝန်ကြီးချုပ်အား ၂ နှစ်ကာလ အတွင်း လုပ်ဆောင်ချက်များနှင့်ပတ် သက်၍ အင်တာဗျုးခွင့်ရရန် ဧပြီလ ၂၃ ရက်တွင် ဝန်ကြီးချုပ်၏ ကိုယ် ရေးအရာရှိမှတစ်ဆင့် ခွင့်တောင်းခဲ့သော် လည်း ဝန်ကြီးချုပ် မအားလပ်ကြောင်း၊ ဖြေဆိုရမည့်မေးခွန်းများအား စာဖြင့် ရေးပေးခဲ့ပါက အားလပ်ချိန်တွင် ဖြေဆို မည်ဟု ကိုယ်ရေးအရာရှိမှ တစ်ဆင့် ပြန်ကြားခဲ့သည်။
သို့ကြောင့် မေးခွန်းများအား စာ ဖြင့်ရေးသားပေးပို့ခဲ့ပြီး ကြားရက်များ တွင် သွားရောက်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိသေးဟု ကိုယ်ရေးအရာရှိမှ တစ်ဆင့် သိရသည်။
ဧပြီလ ၂၈ ရက်တွင် နောက်ဆုံး ဆက်သွယ်မေးမြန်းခဲ့ရာ ဝန်ကြီးချုပ် မအားလပ်၍ မေးခွန်းများ မဖြေသေး ကြောင်း ကိုယ်ရေးအရာရှိက ပြန်လည် ဖြေဆိုခဲ့သည်။

တိုင်းအစိုးရအဖွဲ့၏ ၂ နှစ်တာဖြတ် သန်းမှုအတွင်း အဓိက အားနည်းချက်များ မှာ ကတိလွယ်လွယ်ပေး စကားကျွံတတ် ခြင်း၊ လွှတ်တော်၏ အထိန်းအထေပြုမှုကို လျစ်လျူရှုလိုခြင်း၊ လူထုအသံကို နားမထောင်တတ်ခြင်းတို့ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။
“ပြောင်းလဲမှုတစ်ခုတော့ ဖြစ်သွား တယ်။ အဲဒါက ပြည်သူတွေက လုပ် လိုက်တဲ့ ပြောင်းလဲမှုသာ ဖြစ်တယ်၊ အစိုးရကလုပ်တဲ့ ပြောင်းလဲမှုမဟုတ် ဘူး။ မဲနဲ့ ပြည်သူတွေက အစိုးရ တစ်ရပ် ကို ပြောင်းလဲလိုက်တာလေ”ဟု ဦးအေးမင်း က ပြောသည်။

“ဒါပေမဲ့ တို့မျှော်မှန်းထားတဲ့ အစိုး ရမျိုး ဖြစ်မလာဘူး။ ဝမ်းနည်းစရာ အရမ်း ကောင်းတယ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့ကမူ တိုင်းအစိုးရ၏ လုပ် ဆောင်ချက်များအား ကျေနပ်နှစ်ခြိုက် သူများ တဖြည်းဖြည်းနည်းလာခြင်းမှ တစ်ဆင့် ပါတီအား လူထုထောက်ခံမှု လျော့လာမည်ကို စိုးရိမ်ကြောင်း ဖွင့်ဟ ကြသည်။
သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ၂ နှစ် တာ လုပ်ဆောင်နိုင်မှုအပေါ် လုံးဝ အားမရခဲ့သော်လည်း တတ်စွမ်းသမျှ ကြိုးစားခဲ့သည်ဟု ဆိုသည်။

အချို့လုပ်ငန်းများ မအောင်မြင် ရခြင်း၏ အဓိက စိန်ခေါ်ချက်မှာ ဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအပိုင်း များတွင် အားနည်းခြင်းကြောင့် ဖြစ်ပြီး ဌာနတစ်ခုချင်းစီ၏ ဥပဒေများအား ပြန်သုံးသပ်ကာ ဖြေလျှော့ပေးရန်လို ကြောင်း ဝန်ကြီးဦးမြင့်မောင်က ဆိုသည်။
“အားမရတာတော့ လုံးဝ အားမရ ဘူး၊ ကိုယ်တတ်စွမ်းသလောက် ကိုယ် စွမ်းဥာဏ်စွမ်း ရှိသလောက်တော့ လုပ်ထားပါတယ်။ အတိုင်းအတာတစ်ခု အထိ အားရအောင် ဘယ်လိုလုပ်မယ်ဆို တာကိုတော့ ထပ်ပြီးတော့ နောက်ထပ် ကျန်တဲ့ သက်တမ်းတွေမှာ ထပ်ကြိုးစား ဖို့တော့ ရှိတာပေါ့”ဟု ဝန်ကြီးက ပြောသည်။